Preview

မင်းပြားမြို့နယ် ဒိုင်းသားရွာအနီးတိုက်ပွဲပြင်းထန်၊ တပ်မတော်မှ၇ဟတ်ယာဉ် ၃ စီးဖြင့်တိုက်ခိုက်

သြဂုတ် ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :3438
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၂/၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျင်နှင့် ဒိုင်းသားရွာအကြားတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့နံနက် ၁၀ နာရီကတည်းက တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ညနေ ၅ နာရီခန့်တွင် တပ်မတော်ဘက်မှ ၇ဟတ်ယာဉ် ၃ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

တိုက်ပွဲ ဖြစ်ပွားရာနေရာမှ ရွှေကျင်နှင့် ဒိုင်းသားရွာအကြား စားကျက်မြေပေါ်တွင် နံနက်ကတည်းက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး ညနေ ၅ နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“တိုက်ပွဲဖြစ်တာက ဒီနေ့ မနက်ကနေဖြစ်နေတာပါ။ ညနေ၅နာရီခွဲဖို့ ၁၅ မိနစ်ခန့်အလိုမှာ တပ်မတော်ဘက်မှ ၇ဟတ်ယာဉ် ၃စီးနဲ့ လာပစ်ပါတယ်။ တစ်စီးပြီး တစ်စီး လာပစ်နေကြတာပါ။ တစ်စီးကလာပစ်ပြီး ရင်နောက်တစ်စီး လာပစ်တာ။ တခါပစ်ရင် ၄ချက် ၅ချက်ပစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြင်ယောင်းကျေးရွာသို့ ဆက်သွယ်ရာ “ ပစ်တယ်ဆရာ၊ ပစ်တယ်။ တစ်စီးပျံဝဲပြီး ပစ်တယ်။ နောက်ထပ် တစ်စီး ထပ်ပျံလာတယ်။ ထပ်ပစ်တယ်။ သုံးစီးလာပစ်တယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်တာ ဒီအတိုင်းကြားနေရပါတယ်။ ကျွန်တော်တို့ရွာမှာတော့ ဘာမှ မဖြစ်ဘူးဆရာ။ ဒိုင်းသားရွာက တိုက်ပွဲထဲမှာ ပိတ်မိနေတယ်လို့ ကြားပါတယ်။ ဖုန်းအဆက်အသွယ်လည်း ပြတ်နေပါတယ်” ဟု ပြောကြားသည်။

ကပ်ပဲရွာအမျိုးသမီး တစ်ဦးက “ ကြားရပါတယ်။ အခု အချိန်ထိ လက်နက်ကြီးသံတွေ ကြားရပါတယ်။ လေယာဉ်လည်း ရောက်လာပြီး ပစ်တယ်လို့ကြားရပါတယ်။ ရွှေကျင်ရွာ ထဲမှာလည်း လက်နက်ကြီးကျတယ်လို့ သတင်း၇ပါတယ်။ ဘာဖြစ်နေတယ်ဆိုတာတော့ မပြောနိုင်ဘူး” ဟု ညနေ ၆ နာရီက ဆက်သွယ်စဉ် ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ၎င်းက “ တိုက်ပွဲဖြစ်ပွားနေတာမှန်တယ်။ နေ့လယ်ကတည်းက ချနေကြတယ်။ ရဟတ်ယာဉ် ဘယ်နှစီးလည်းဆိုတာတော့ မသိဘူး။ လိုအပ်ရင်တော့ သုံးမှာပါဘဲ။  တိုက်ပွဲအခြေအနေကတော့ ဖြစ်နေတုန်း၊ အသေးစိတ် မသိရသေးဘူး” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက  “တိုက်ပွဲဖြစ်တာက ဟုတ်ပါတယ်။ ကျွန်တော်လည်း တိုက်ပွဲ အခြေနေကိုတော့ မသိ၇သေးပါဘူး။ အဲဒီဘက်ကို သတင်းတွေ တက်မလာသေးဘူး” ဟု တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီးမေးမြန်းစဉ် ပြောကြားသည်။

တိုက်ပွဲထဲမှ လက်နက်သံများမှာ ညနေ ၆ နာရီကျော်မှ တိတ်သွားခဲ့သည်ဟု သိ၇သည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.