စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပန်းမြောင်းအနီးတိုက်ပွဲပြင်းထန်၊ တောင်ဖြူတောင်ကို ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့်အကွာ သရက်ချောင်းကျေးရွာအနီး တောင်ဖြူတောင်ကို မြန်မာစစ်တပ်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ယနေ့ နံနက် ၁၁ နာရီ ခွဲခန့်က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ပန်းမြောင်းဒေသခံ တစ်ဦးက “ ရဟတ်ယာဉ်က ပစ်တော့ လက်နက်ကြီးသံတွေနဲ့ ဆူညံ သွားပါတယ်။ အသံတွေ အကျယ်ကြီးကြားရပါတယ်။ ကျွန်တော်တို့ ရွာထက်က ပျံသွားပြီး ပစ်တာပါ။ ဝဲတယ်။ ပစ်တယ်။ တောင်ဖြူတောင်ကို ပစ်တာပါ။  မိနစ် ၂ဝ လောက်ပစ်ပါတယ်။ အခုပြန်သွားပါပြီ” ဟု ပြောကြားသည်။

ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး သရက်ချောင်းကျေးရွာအနီး တောင်ဖြူတောင်တွင်
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ အကြား အပြန်အလှန်ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် အသံများကို ကြားခဲ့ရသည်ဟု  ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့  ပြောသည်။

နောက်ထပ် ပန်းမြောင်း ဒေသခံတစ်ဦးက “၈ နာရီလောက်ကနေ စဖြစ်တာပါ။ အခု ၁ဝ နာရီခွဲလောက်မှာတော့ ရပ်သွားပါပြီ။ လက်နက်ကြီးအသံတွေပါ။  တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့  သိပ်အလှမ်းမဝေးတော့ လက်နက်ကြီးတွေ ပစ်တာကို မြင်ရပါတယ်။ ရွာကလူတစ်ချို့လည်း ထွက်ပြေးသွားကြပါတယ်။ နီးစပ်ရာ ကျေးရွာတွေကိုပေါ့။ အဲဒီနောက် ရဟတ်ယာဉ်နဲ့ လာပစ်တယ်”ဟု ပြောသည်။

သရက်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေစဉ် မြောက်ဦးမြို့ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များ လှမ်းပစ်ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသားအချို့ ကြောက်လန့်ထွက်ပြေးမှုများလည်း ရှိကြောင်း အဆိုပါ ဒေသခံက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအားက တိုက်ပွဲဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားပြီး တိုက်ပွဲအခြေနေအား ၄င်းအနေဖြင့် မသိရှိသေးကြောင်းလည်း ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အသေးစိတ်အား သိရှိရန် ရက္ခိုင့်တပ်တော်မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါ။

သြဂုတ်လ ၂၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် ရွှေကျင်နှင့် ခွဆုံကျေးရွာကြား မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် တိုက်ပွဲပြင်းထန်စွာ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၃ စီးဖြင့် မိနစ်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

(ဓာတ်ပုံ- ရခိုင်စစ်မျက်နာတွင် အသုံးပြုနေသော စစ်ရဟတ်ယာဉ် တစ်စီးကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ