သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၃/၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှ ကျည်ဆံထိမှန်ခဲ့သည့် အသက် (၂၅) အရွယ် ကလေးမိခင်၏ ဒဏ်ရာမှာ စိုးရိမ်၇သဖြင့် သြဂုတ် ၂၄ ရက်နေ့တွင် စစ်တွေဆေးရုံကြီးမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ယူဆောင်ရမည်ဟု သတင်းရရှိသည်။
၎င်းကလေးမိခင်မှာ ကိုပေါက်စ၏ ဇနီး ခင်ဝင်းချေ (၂၅)နှစ် (ဘ) ဦးမောင်သိန်းနုဖြစ်သည်။
“ အခု ကျနော် ဇနီး ရသေ့တောင်ဆေးရုံကနေ စစ်တွေဆေးရုံကြီးကို ရောက်နေပါပြီ။ ဒါပေမယ့် ကျည်ဆံက အရိုးကြား ညှပ်နေတဲ့အတွက် ခွဲစိတ်ကုသဖို့ မနက်ဖြန် ရန်ကုန်ကို ပို့မယ်လို့ သိရပါတယ်။ အခု သူမအတွက် ကျနော်တို့ အလွန်စိုးရိမ်နေကြပါတယ်” ဟု သူမ၏ ယောကျာ်းဖြစ်သူ ကိုပေါက်စက ပြောသည်။
ထွန်းရဝေ ကျေးရွာအနီး တံတားဘက်မှ လက်နက်ကြီး ပေါက်ကွဲသံများ ကြားရ၍ ထွက်ပြေးစဉ် ကျည်ဆံထိန်မှန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနောက် ရသေ့တောင်မြို့နယ် ဆေးရုံသို့ ယူဆောင် လာခဲ့ကြောင်း၊ ဒဏ်ရာမှ ပြင်းထန်သဖြင့် ICRC အကူအညီ စပိဘုတ်ဖြင့် ရသေ့တောင်မှ စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာခဲ့ရကြောင်း၊ ကျည်ဆံမှာ အရိုးကြားညှပ်နေသဖြင့် မနက်ဖြန် စစ်တွေဆေးရုံကြီးမှ တစ်ဆင့် လေယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ခွဲစိတ်ရန် ဆက်လက် ယူဆောင်ရမည် ဖြစ်ကြောင်း ကိုပေါက်စက ပြောကြားသည်။
သေနတ်ကျည်ဆံ ထိမှန်ခဲ့ရပုံနှင့် ပတ်သက်ပြီး ကိုပေါက်စက “ ကျနော်တို့က မိုင်းပေါက်သံ ကြားတာနဲ့ပြေးတယ်။ ပြေးတဲ့အချိန်မှာ စစ်သားတွေက လှမ်းပစ်တာပါ။ အဲသလိုလှမ်းပစ် လို့ ကျနော်တို့က မြေမှာဝပ်ဖို့လုပ်တာနဲ့ ကျနော့်မိန်းမ နောက်ကျောကို ထိသွားတာပါ။ ကျည်ဆံက တစ်ချက်ထိသွားတယ်။ သမီးလေးကိုလည်း ရှာလို့ မတွေ့လိုက်တော့ဘူး”ဟု ၎င်းက ပြောသည်။
၎င်းတို့ ၁နှစ်နှင့်တစ်လအရွယ် သမီးလေးမှာမူ တစ်စုံတစ်ရာထိခိုက်မှု မရှိဘဲ မိဖများနှင့် ကွဲသွားပြီး နောက် ဆွေမျိုးများလက်ထဲသို့ ရောက်သွားသည်ဟု ဆိုသည်။
မခင်ဝင်းချေ၏ ယောက္ခမဖြစ်သူ ဒေါ်ဗြက်မချေက “ ဒီနေ့ နံနက်က ရွာနားက လမ်းပေါ်မှာ ပေါက်သံတစ်ခုကြားလို့ ကျမတို့ ကြောက်လန့်ပြီး ကလေးတွေကို ပြေးခိုင်းတယ်။ ပြေးခိုင်းပြီး ကျမကပစ္စည်းတွေသိမ်းပြီး နောက်ကပြေးလိုက်သွားတဲ့ အချိန်မှာ စေတီပျက်တစ်ဆူနားမှာ နောက်ကျောကို ကျည်ဆံထိပြီး ကျမချွေးမ လဲကျနေတာတွေ့လိုက်ရတယ်။ ရွာနားမှာ တိုက်ပွဲလည်း မဖြစ်ဘူး။ ပေါက်သံကြားပြီး စစ်တပ်က ရွာထဲသို့ပစ်တာပါ ” ဟု ပြောသည်။
မခင်ဝင်းချေ၏ ယောကျာ်းဖြစ်သူကရော၊ ယောက္ခမဖြစ်သူကပါ စစ်တပ်က ရွာထဲသို့ သေနတ် လှမ်းပစ်ရာမှ ထိမှန်ခဲ့သည်ဟု ပြောဆိုသဖြင့် တပ်မတော်ဘက်မှ သဘောထားကို သိလို၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ ညနေ ၆ နာရီ မိနစ် ၄၀ ခန့်က နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။