ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၄/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ဆေးရုံအနီးတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။
ဆေးရုံသို့ရောက်နေသည့် ပန်းမြောင်း ဒေသခံ တစ်ဦးက “ အောင်ဇင်ဖြိုးနဲ့ မင်းထက်ကျော် ဆိုတဲ့ ကလေးနှစ်ဦး ပွဲချင်းပီးသေတယ်။ နောက် လူ၄ ယောက်က ဒဏ်ရာပြင်းထန်တဲ့ အတွက် ပန်းမြောင်းတိုက်နယ်ဆေးရုံကို တင်ထား၇တယ်။ အဲဒီအထဲမှာ ကလေးမလေး တစ်ဦးက လုံး၀ သတိမ၇တော့ဘူး” ဟု ပြောသည်။
သေဆုံးသူ နှစ်ဦးမှာ အောင်ဇင်ဖြိုး (၆) နှစ် (ဘ) ဦးအောင်သန်းမြင့်(မိ) ဒေါ်တင်တင်နွယ်၊ မင်းထက်ကျော် (၉) နှစ် (ဘ) ဦးကျော်ဝင်း (မိ) ဒေါ်ချိုချိုတို့ ဖြစ်ကြသည်။ နောက်ဒဏ်ရာပြင်းထန်စွာရ၍ သတိမေ့နေသူမှာ ဆယ်တန်းကျောင်းသူ မညိုညိုဝင်းဖြစ်ပြီး ရွှေကျင်ရွာမှ ဦးကျော်သိန်း သမီးဖြစ်သည်ဟု ဟု ၎င်းဒေသခံ ပြောကြားသည်။
“ စစ်တပ်က အမြောက်ကြီးတွေနဲ့ ပန်းမြောင်းတောင်ပေါ်ကနေ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာကို ပစ်နေတာရှိတယ်။ အဲဒီက ပစ်တဲ့ လက်နက်ကြီးကျည် ရွာထဲကို ကျတယ်။ အဲဒီ ကျည်ကျ ရောက်ပေါက်ကွဲတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်တွင် စစ်တပ်က ယခုလ ၂၁ ရက်နေ့ ရောက်ရှိ နေရာယူထားပြီး အမြောက်ဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ လှမ်းပြီး ပစ်ခတ်စဉ် ယနေ့နံနက် ၉ နာရီကျော်က ပန်းမြောင်း ဆေးရုံအနီး အမြောက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု တစ်ခြား ပန်းမြောင်း ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ၎င်းသတင်းသူတို့ မရရှိသေးကြောင်းနဲ့ ဆက်သွယ်မေးမြန်းပြီး အကြောင်းပြန်ကြားပေးမည်ဟု ပြောဆိုသည်။