ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၆/ ၂၀၁၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာမှ နှစ်မိုင်ခန့်အကွာမှ သေနတ်ပစ်ခတ်သံများကို ယနေ့ ညနေ ၃ နာရီကျော်က ကြားခဲ့ရကြောင်း ကျေးရွာသားများက ပြောကြားသည်။
ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက “ ပစ်သံ ခတ်သံ ကြားရပါတယ်။ ကျွန်တော်တို့ရွာရဲ့ အရှေ့တောင်ဘက်ခြမ်းလောက် ကျပါတယ်။ တိတိကျကျ မသိရသေးဘူး။ ကျွန်တော် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ချိတ်ဆက်နေတယ်။ ကျွန်တော်ရွာက သိပ်လည်း ဝေးမယ် မဟုတ်ဘူး။ ၂ မိုင်လောက် အကွာအဝေးမှာရှိမယ်နဲ့ တူတယ်။ သုံးနာရီကျော်လောက်က ကြားလိုက်တာပါ။ အခု မကြားတော့ ဘူး” ဟု ပြောကြားသည်။
သေနတ်သံများကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြားခဲ့၇ပြီး ညနေ ၄ နာရီ မထိုးခင်က ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။
၎င်းက “ လက်နက်ကြီး လက်နက်ငယ်လားတော့ မပြောတတ်ဘူး။ နည်းနည်း ကျယ်ကျယ် လောင်တဲ့ အသံနဲ့ တောက်တောက်ဆိုတဲ့ ပစ်ခတ်သံတွေကို ကြားရပါတယ်။ တိုက်ပွဲလား၊ ဘာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ကြားရတဲ့ နေရာက ကဇူးကိုင်းနဲ့ အုန်းသည်ချောင်းအကြား ရန်ကုန်- စစ်တွေကားလမ်းနဲ့ ချိန်မယ်ဆိုရင်တော့ အဲဒီဝန်းကျင်လောက် ဖြစ်ဖို့များပါတယ်” ဟု ပြောသည်။
အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဋ္ဌေးသို့ ဆက်သွယ်ရာ သူက “ သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက သတင်းပို့ပါတယ်။ ဖြစ်တဲ့ နေရာက အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ် အစပ်ဖြစ်ပါတယ်။ ကဇူးကိုင်းကတော့ အမ်းမြို့နယ်ထဲမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။