ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ပန်းမြောင်းအရှေ့ဘက်တောင်ကြောအား စစ်ရဟတ်ယာဉ် ၂စီးဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ တောင်ကြောများအား မြန်မာ့တပ်မတော်မှ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ယနေ့ ညနေပိုင်းက တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်သည့် နေရာမှာ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ အရှေ့ဘက် တောင်ဖြူတောင်ရိုး၊ ငှက်တော်ရရွာဟောင်း၊ ပြည်ကြီး မြောင်ဖျားများဖြစ်ကြောင်း  ပန်းမြောင်းဒေသခံတစ်ဦးက ပြောကြားသည်။

 “မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်တာက ဒီနေ့ မနက်က ၁၁ နာရီခွဲ လောက်မှာ ဖြစ်တာပါ။ တောင်ဖြူတောင်ကို ပန်းမြောင်းရွာလယ်က အောင်မင်္ဂလာတောင်ကနေ စစ်သားတွေ လှမ်းပစ်တာပေါ့။ ညနေ ၃ နာရီကျော်လာက်မှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက် အဲဒီ တောင်ဖြူတောင်ကို လာပစ် သွားပါတယ်။ ခုလို ပစ်ခတ်တော့ အသံတွေ အကျယ်ကြီး ကြားရပြီး ရွာသားတွေလည်း အရမ်း ကြောက်လန့် နေကြပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ပန်းမြောင်းကျေးရွာအတွင်း တောင်ကုန်းပေါ်ရှိ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း တောင်ပေါ် တွင် တပ်မတော် စစ်ကြောင်း တစ်ခုသည်  သြဂုတ် ၂၂ ရက်နေ့မှ စတင်၍ စခန်းချလျှက်ရှိပြီး ယင်းတောင်ကုန်းပေါ်မှ ပန်းမြောင်းအရှေ့ဘက် တောင်ဖြူတောင်သို့ လက်နက်ကြီးများ ပစ်ခတ်နေခဲ့ပြီး ယနေ့တွင်လည်း ထပ်မံ  လှမ်းပစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား နိရဥ္စရာ သတင်းဌာနမှ ယနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက  “ မနေ့က မနက် ၆ နာရီကနေ စစ်တပ်ဘက်က လက်နက်ကြီးတွေ လှမ်းပစ်နေတာ ရှိပါတယ်။ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်လာတာ ရှိပါတယ်။ သူတို့ဘက်က အကျအဆုံးများတော့ ပြန်ဆုတ်သွားကြတယ်” ဟု ပြောသည်။

၎င်းနောက် စစ်ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ပန်းမြောင်းကျေးရွာအနီး ယခုကဲ့သို့ စစ်ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကျေရွာသားအများအပြားမှာ ကြောက်လန့်ပြီး မြောက်ဦး၊ မင်းပြား၊ စစ်တွေနှင့် နီးစပ်ရာသို့ ထပ်မံ ထွက်ပြေး သွားကြသည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိခဲ့ပါ။

သြဂုတ်လ ၂၂ ရက်နေ့ကလည်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ