သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြား ကျိန်းတောင်ဘုရားပေါ်မှ လက်နက်ကြီးပစ်ခတ်မှု ရပ်တန့်ပေးရန် နိုင်ငံတော်သမ္မတရုံးထိ တင်ပြတောင်းဆိုသော်လည်း အကြောင်းမထူးဟု ရဟန်းတော်များဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၃၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျိန်းတောင်ဘုရားပေါ်မှ လက်နက်ကြီးများပစ်ခတ်နေမူအား ရပ်တန့်ပေးရန် နိုင်ငံတော် သမ္မတရုံးထိ မင်းပြားမြို့နယ် သံဃာတော်များမှ တင်ပြ တောင်းဆိုသော်လည်း တစ်စုံတစ်ရာ ထူးခြားလာမူမရှိသေးကြောင်း မင်းပြားမြို့၊ သုစိတာရုံကျောင်းမှ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသြဘာသ ကမိန့်ကြားသည်။

“ မင်းပြားသမို်င်းဝင် ကျိန်းတောင်ပေါ်မှာ တပ်မတော်က တပ်စွဲထားတာနဲ့ ပတ်သတ်ပြီး နိုင်ငံတော် သမ္မတရုံးထိ တင်ပြတောင်းဆိုတာပါ။ နိုင်ငံတော် သံဃာနာယက အဖွဲ့ကတော့ လက်ခံစာ ရရှိကြောင်း အကြောင်း ပြန်လာပါတယ်။  အစိုးရဆီကတော့ အခုထိတော့ ထူးခြားမူမရှိသေးဘူး” ဟု မိန့်သည်။

အဆိုပါ တင်ပြတောင်းဆိုမူအား ၂ဝ၁၉ ဇူလိုင်၁၄ ရက် နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ကျိန်းတောင်ဘုရားပေါ်တွင် တပ်မတော်မှနေရာယူပြီး လက်နက်ကြီးများ ပစ်ခတ်နေမူများအား သံဃာတော်များမှရပ်တန့်ပေးရန် တောင်းဆိုရာ ပြန်လည် ခြိမ်းခြောက်ပြောဆိုသောကြောင့် ဆရာတော်များနှင့် ဘုရားဂေါပကများက အခက်တွေ့နေရသည်ဟု ဆိုသည်။

“တပ်မတော်က ဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားကြတယ်။ ဖယ်ပေးဖို့ သွားပြောတော့ ပစ်ရတော့မလားဆိုပြီး ပြောတယ်။ ပစ်ဖို့က ဗိုလ်ကြီးတို့ တာဝန် တရားနာဆွမ်းကျွေးဖို့က ကျွန်တော်တို့တာဝန်ဆိုပြီး ဂေါပက အဖွဲ့က ပြန်ပြောလိုက်တယ်။ အသံကြောင့် ဘုရားတုန်ခါမူ တွေရှိတော့ ပျက်စီးသွားမှာ စိုးရိမ်နေကြပါတယ်”ဟု မင်းပြားမြို့နယ် သံဃာနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသြဘာသက ဆက်လက်၍ မိန့်ကြားသည်။

ကျိန်းတောင်ဘုရားရင်ပြင်ပေါ်တွင် တပ်မတော်မှ အင်အား ၃ဝခန့်က နေရာယူထားပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်နေသဖြင့် ကြောက်လန့်ပြီး ဘုရားဖူးများ မလာကြတော့ကြောင်း သိရသည်။

ဘုရားရင်ပြင်ပေါ်သို့ ဘုရားဖူး အမျိုးသမီးများသာ လာရောက် ခွင့်ပြုထားပြီး အမျိုးသားများအား စစ်ဆေးရေး တင်းကျပ်ထားကြောင်း သိရသည်။ ဘုရားပေါ်တွင် ဖုန်းကိုင်ဆောင်လာသူများအားလည်း ဖုန်းသုံးခွင့် မပြုကြောင်းသိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ သမိုင်းဝင် မဟာမုနိဘုရား ပရိဝုဏ်ထဲတွင်လည်း ထိုကဲ့သို့ တပ်ကနေရာယူခဲ့သဖြင့် ကျောက်တော် မြို့နယ် သံဃာနာယကမှ တပ်မမှူးဆီသို့ တင်ပြတောင်းဆိုရာ နောက်ပိုင်းတွင် တပ်ကို ရုပ်သိမ်းသွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ