စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ဆင်သေပြင်အနီး ၅ရက်မြောက်တိုက်ပွဲဆက်ဖြစ်၊ ထပ်မံတစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ၃/ ၂ဝ၁၉

ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ရွာအနီးတွင် မြန်မာ့တပ်တော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား သြဂုတ်လ ၂၉ မှ စတင်ပြီး စက်တင်ဘာ ၂ ရက်နေ့ထိ ၅ရက်မြောက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က ထပ်မံ၍ဒဏ်ရာရရှိသူရှိကြောင်းသိရသည်။

ဒဏ်ရာရရှိသူမှာ ဆင်သေပြင်မူဆလင်ကျေးရွာသား မောင်မီးဂျား(၂၇) နှစ် ဖြစ်ကြောင်း သိရသည်။

“ရွာထဲမှာ အစိုးရတပ်က စခန်းချနေတာ။ ရွာသားတွေ မနေရဲလို့ ဘေးနာက ရွာတွေကို ထွက်ပြေးကြတယ်။ ကျွန်တော်တို့ ယေင်္ာကျား ၂ဝလောက်ရွာမှာ အစောင့်ကျန်ခဲ့တာ။ မီးဂျားက ထမင်းချက်နေတာမှာ ဘယ်က ပစ်မှန်း မသိဘူး သေနတ်ကျည် လာထိတာပါ”ဟု ဒဏ်ရာရသူနှင့် အတူရှိသူ ဦးဂျော်မီလာက နိရဥ္စရာအားပြောသည်။

ဆင်သေပြင်ကျေးရွာတွင် စက်တင်ဘာလ ၂ ရက် နံနက် ၅နာရီမှ နံနက် ၈နာရီထိ တစ်ကြိမ် ပစ်ခတ်သံများ ကြားခဲ့ရပြီး နေ့လယ် ၁နာရီခွဲခန့်တွင် သေနတ်သံပြန်ကြားရကာ ညနေ ၄နာရီ အချိန်ထိ အပြန်အလှန် ပစ်ခတ်နေကြကြောင်း ကျေးရွာသားများကပြောသည်။


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “AA တွေက နေ့တိုင်းလာပစ်လို့ဖြစ်တာ။ အခု ဆင်သေပြင်တစ်ရွာလုံး လူမရှိတော့ဘူး။ ဒီနေ့ (စက်တင်ဘာ ၂ရက်နေ့) တစ်ယောက် ဒဏ်ရာရတယ်။  ၅ရက် ဆက်တိုက်ရှိနေပြီ ဆင်သေပြင် ရွာနားမှာ တိုက်ပွဲတွေဖြစ်တာ”ဟုပြောကြားသည်။
 
ဘူးသီးတောင် မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်  ဦးထွန်းအောင်သိန်း အားမေးမြန်းရာ “ကျွန်တော်က လွှတ်တော် အစည်းဝေးကို ရောက်နေလို့ အသေးစိတ်တော့ မသိရသေးပါဘူး။ တိုက်ပွဲတွေက နေ့တိုင်း ဆက်တိုက် ဖြစ်နေကြတာ။ မှတ်လို့တောင် မရတော့ဘူး။ ၅ရက်လောက်တော့ရှိပြီ ဆက်တိုက်တိုက်ပွဲ ဖြစ်နေကြတာ”ဟု ပြောသည်။

သေနတ်ကျည်ထိမှန်သူ အမျိုးသားအား ဘူးသီးတောင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

တိုက်ပွဲဖြစ်နေသော ၅ရက်အတွင်းတွင် ဆင်သေပြင်ကျေးရွာတွင် ဒဏ်ရာရသူ အနည်းဆုံး ၆ ဦးခန့်ရှိကြောင်း၊ ဥယျာဉ်သာကျေးရွာတွင် လည်းလက်နက်ကြီးကျည်ကျ၍ နေအိမ် ၃လုံး မီးလောင်သွားခဲ့ကြောင်း စံဂိုးထောင်ရွာသား တစ်ဦးက ပြောကြားသည်။

ဆက်စပ် သတင်းများ