ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

နှစ်စဉ်ကျင်းပမြဲ ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကိုရန်ကုန်တွင် ယခုနှစ်အကျဉ်းချုံး ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၅ / ၂ဝ၁၉

နှစ်စဉ်စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာခဲ့သည့် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ အခမ်းအနားကို ယခုနှစ်တွင် အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့သည် နှစ်(၈ဝ) ပြည့် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်သည်။

“ကျွန်တော်တို့ ရခိုင်ပြည်မှာ ပြည်သူပြည်သားတွေ ပူပင်သောကတွေ၊ ဝေဒနာတွေ ခံစားနေကြရတယ်။ အိမ်နောက်ပူလို့ အိမ်ရှေ့မချမ်းသာဆိုသလိုမျိုး လူစုလူဝေးနဲ့ စည်စည်ကားကားနဲ့ ပုံစံမျိုးတွေကို မလုပ်ချင်တဲ့အပိုင်းတွေပါပါတယ်” ဟု  ဦးဥတ္တမနေ့  အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိန်လှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့တွင်  ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ရခိုင်အမျိုးသားများသာမက ဆရာအား လေးစားကြည်ညိုသူသော တိုင်းရင်းသားပေါင်းစုံက ပါဝင်ဆင်နွဲခဲ့ကြသည်။

“ ဒီနှစ် (၈ဝ) ပြည့် ဦးဥတ္တမနေ့အခမ်းအနားကို ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့  ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကနေ  ဦးဆောင်ပြီး ရွှေတိဂုံစေတီအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စက်တင်ဘာလ ၉ ရက်နေ့တွင် တာဝန်ရှိပုဂ္ဂိုလ်တွေကို  ဖိတ်ကြားမယ်။  သံဃာတော်အပါး ၈ဝ ခန့်ကိုလည်း ဆွမ်းဆက်ကပ်ပြီး  ကုသိုလ်ကောင်းမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးစိန်လှိုင်က ဆက်လက် ပြောကြားသည်။

ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ရန်ကုန်မြို့  MCC  ခန်းမတွင် ၂ဝ၁၄ ခုနှစ်  ကျင်းပ ပြုလုပ်ခဲ့ရာ အထူးစည်ကားခဲ့ပြီး မြန်မာနိုင်ငံမှ နာမည်ကြီး ရဟန်းသံဃာတော်များ၊  မြန်မာ့နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ရခိုင်အမျိုးသားများ တက်ရောက်ပြီး ဆရာတော်အားဂါရဝပြုခဲ့ကြသည်။

၂ဝ၁၅  ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဟောပြောပွဲများ၊ တေးဂီတ ဖြေဖျော်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သို့သော်လည်း ရခိုင်ပြည်နယ်တွင် ပြည်နယ်မြို့တော်စစ်တွေ အပါအဝင် မြို့တစ်ချို့တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပသွားရန် စီစဉ်နေကြသည်ဟုလည်း သိရသည်။

ပေါက်တောမြို့နယ်မှ  ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က “ ရခိုင်မှာ ဒေသမတည်ငြိမ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေါက်တောမြို့မှာက ဒီနှစ် အခမ်းနားကျင်းပသွားမှာ ဖြစ်ပါတယ်။  ရံပုံငွေ အပေါ်မှာ မူတည်ပြီး  ရသလောက် စီစဉ်ကျင်းပသွားမှာပါ။ အခုလောလောဆယ် ရံပုံငွေအရ ဆိုရင် သံင်္ဃာတော်အပါး ၁ဝ ကျော်ကို ဆွမ်းကျွေးမယ်။ ပြည်သူတွေကတော့ ဆရာတော် ဦးဥတ္တမ ရုပ်တုကို အလေးပြုမယ်။ ဒီလို စီစဉ်ထားပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဆရာတော်ဦးဥတ္တမသည် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်တွင် ဦးစံမြနှင့် ဒေါ်အောင်ကြွဖြူတို့မှ ၁၈၈ဝခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ငယ်အမည်မှာ ပေါ်ထွန်းအောင်ဖြစ်သည်။

ဆရာတော်ဦးဥတ္တမသည် အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကို မြန်မာပြည်မှထွက်သွားဟု သူရိယသတင်းမှတဆင့် ရာဇသံပေးခဲ့သူလည်းဖြစ်ပြီး မြန်မာပြည်သူတို့၏လွတ်လပ်ရေးမျက်စိကို စတင်ဖွင့်ပေးခဲ့သည့် ဆရာတော် တစ်ပါးလည်း ဖြစ်သည်။

ဆရာတော်သည် နယ်ချဲ့ ဗြိတိသျှ အစိုးရကို ဆန့်ကျင်သည့် နိုင်ငံရေးတရားများ ဟောပြောမှုကြောင့် ၁၉၂၁ ခုနှစ်တွင် ထောင်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်၍ ထောင်ချခံရသည့် ပထမဦးဆုံးသော ဆရာတော်ဖြစ်သည်။

ဘာသာစကား ၉ မျိုးကို တတ်ကျွမ်းသည့်ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့ တွင် ရန်ကုန်မြို့တွင် ဆီးချိုရောဂါဖြစ်ပွား၍ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အခမ်းအနားများဖြင့် ဂုဏ်ပြု ကျင်းပလာခဲ့ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ