ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၇/၂၀၁၉
ရခိုင်ပြည်နယ်မှာ ယမန်နှစ်က တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း တိုးတက်လာခြင်းမှာ မသမာမူလျော့နည်း လာခြင်းကြောင့်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးဦးတင်သိန်းက ပြောသည်။
ယနေ့ နံနက် ၈ နာရီခန့်က စစ်တွေမြို့တွင် စတင်ကျင်းပသော ရခိုင်ပြည်နယ်ပညာရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ပညာရေးမှူးက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။
“ဆယ်တန်းအောင်ချက် ရာခိုင်နှုန်းဟာ ကုန်ခဲ့တဲ့ ၂၀၁၆-၁၇ နှစ်တုန်းက တစ်နိုင်ငံလုံး အောက်ဆုံးအဆင့်ထိ ရောက်ခဲ့တာပါ။ မနှစ်က စာမေပွဲဖြေဆိုရာမှာ မသမာမှု မရှိအောင် တင်းကျပ် လိုက်တော့ အောင်ချက်က ၃ ရာခိုင်နှုန်း နီးပါးထိ တိုးတက်လာတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲမှာ ရလာတဲ့ရလဒ်တွေကို အခုလာမယ့်နှစ်တွေမှာ ပိုထိရောက်အောင်လုပ်မယ်။မသမာမူ လုံး၀ ပပျောက်အောင် လုပ်သွားမယ်” ဟုပြောသည်။
ပြည်နယ်ပညာရေးမှူး ထောက်ပြပြောဆိုသော မသမာမှုများ ကျောင်းသားများ စာခိုးချ ဖြေဆိုခြင်းကို ပြောလိုသည်ဟု သိရသည်။
ယခုပြုလုပ်လျက်ရှိသော အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ရရက်နှင့် ၈ရက် ၂ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ပြီး ဆွေးနွေးပွဲတွင် တက္ကသိုလ်ဆရာ၊ဆရာမများ၊ ဘော်ဒါဆောင် များမှ ဆရာ၊ ဆရာမများ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ နှင့် မြို့နယ်ပေါင်းစုံမှ မိဘဆရာ ၁၂ ဦးစီ တတ်ရောက်ဆွေးနွေးလျှက်ရှိကြောင်း တွေ့ရသည်။
ကျောင်းသားမိဘတစ်ဦး ဖြစ်သူစစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ ကျောင်းသားမိဘ တစ်ဦးဖြစ်သူဒေါ်စုစုခိုင်က “ ကျမကတော့ မသမာမှု မရှိလေ ကြိုက်လေဘဲ။ သမီးလေးကိုလည်း ရိုးရိုး သားသား ဖြေဆိုပြီး အောင်မြင်စေချင်တယ်။ သမီးလေးက မနှစ်ကမအောင်လိုက်ပါဘူး။ ဒီနှစ်အောင်စေချင်တယ်။ ဒါပေမယ့် ရိုးရိုးသားသား ခိုးမချဘဲ အောင်တာဘဲ လိုချင်တယ်။ ဆုံးမ ပြောဆို ထားတာတွေလည်း ရှိပါတယ်။ ဒီစနစ်ကို အားပေးပါတယ်” ဟုပြောသည်။
တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ အထူးပြု ကျူရှင်ဆရာ ဦးမိုးဇတ်(စစ်တွေ)က “ကျောင်းသားတွေကို ဒီနှစ် ခိုးချပြီး ဖြေလို့မရဘူးလို့် ဆို်တာနဲ့ အရင်ကထက် စာပိုလုပ်လာတာတော့ တွေ့တယ်။ မိဘ၊ဆရာ နှစ်ဖက်ပေါင်းရတာပေါ့။ ကျနော်တို့ အပြင်ကျူရှင်ပြတဲ့ ဆရာ ဆရာမတွေထက် ကျောင်းတွင်းက ဝန်ထမ်းဆရာ၊ ဆရာမတွေက အချင်းချင်း အမြင်တွေဖလှယ်ပြီး တတ်ညီလက်ညီ လုပ်ဆောင်ကြရင် အောင်ချက်ဒီထက် ကောင်းလာမယ်ထင်ပါတယ်”ဟုပြောသည်။
၂၀၁၉ ခုနှစ် တွင် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား ကျောင်းသူဦးရေ ၄၂၄၁၆ ဦး ရှိခဲ့ပြီး ၁၀၁၆၃ ဦးသာ အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၃ ဒသမ ၉၇ ရှိခဲ့သည်။
၂၀၁၈ ခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသန ၄၅ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က အောင်ချက်ရာခိုင်နှုန်းမှာ ၁၇ ဒသမ ၁၆ သာ ရှိခဲ့သဖြင့် ၂၀၁၇ ထက် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေး ဌာန၏ ကိန်းဂဏန်းစာရင်းအရ သိ၇သည်။