Preview

လူ ၈ဦးသေဆုံးခဲ့ရသည့် ရသေ့တောင်ကျောက်တန်း ဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့၇သောလူငယ် ၆ဦးကို ရုံးထုတ်

စက်တင်ဘာ ၁၀/ ၂၀၁၉ | ကြည့်ရှုသူ :1848
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ၁၀/ ၂၀၁၉

လူ ၈ ဦး သေဆုံးခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြ၇သည့် လူငယ် ၆ ဦးကို စက်တင်ဘာ ၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးတွင် (၆) ကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ လူငယ် ၆ ဦးကို  စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီမှာ စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ပါတယ်။ သူတို့ကို အကြမ်းဖက်မူတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နှင့် ၅၂(က) တို့နဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။  ရုံးချိန်းယူနေတာ ဒီတစ်ကြိမ်နဲ့ပါဆိုရင်၆ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်” ဟု  အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဘကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံနေ၇သူ လူငယ်များမှာ မောင်ထွန်းမင်းနိုင် (၁၉)နှစ်၊ မောင်ညီညီဌေး (၂၁)နှစ်၊ မောင်နေလင်းထွန်း(၁၅)နှစ် ၊ မောင်သိန်းအေးမောင် (၁၇)နှစ် ၊ မောင်မောင်လှိုင် (၂၈)နှစ်၊ မောင်ဦးမြင့်ထွန်း (၂၇)နှစ်၊ မောင်စိုးဝင်းကျော် (၂ရ)နှစ်နှင့် မောင်ငြိမ်းရွှေ (၂၀)နှစ်တို့ဖြစ်ကြသည်။

ဖမ်းဆီးချုပ်နှောင်ခံနေရသူ မောင်ငြိမ်းရွှေ (၂၀) နှစ်၏ မိခင် ဖြစ်သူက “ကျမ သားလေးက လယ်အလုပ်တွေ လုပ်ပြီး ပြန်လာရင် ထမင်းပါ ချက်ကျွေးနေတဲ့ကလေးပါ။ သမီး မိန်းကလေးမရှိတော့ သူပဲ အမေကို ကူနေတဲ့ကလေးပါ။ တပ်မတော်က စစ်သားတွေက အစည်းအဝေးလုပ်မယ်ဆိုပြီး တစ်ရွာလုံးက အမျိုးသားတွေကို ရွာကစာသင်ကျောင်းကို ခေါ်တော့ သူသွားလိုက်တာမှာ တခြား လူတွေနဲ့အတူသားကိုပါ ဖမ်းထားလိုက်တာပါ။ ကျမ သားလေးမှာ ဘာအပြစ်မှ မရှိတဲ့ အတွက် လွှတ်ပေးကြပါရှင်”ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

အဆိုပါ လူငယ် ၆ ဦးအနက် အသက်မပြည့်သေးသော မောင်နေလင်းထွန်း(၁၅)နှစ်နှင့် မောင်သိန်းအေးမောင် (၁ရ)နှစ်တို့အား အာမခံဖြင့် လွတ်ပေးပြီး မိဘအုပ်ထိမ်းမှုအောက်မှနေ၍ အမှု ရင်ဆိုင်နိုင်အောင် လုပ်ဆောင်ထားသည်ဟုလည်း ရှေ့နေက ဆိုသည်။

“သူတို့ကို ကို ၅၀(ဈ) ၊၅၂(က) နဲ့စလို့ တိုင်ချက်ဖွင့်တာပါ။ တရားလိုက ဗိုလ်မှူး ဗိုလ်ကြီး စိုးလင်ထူး အမှတ် -၂၇၀ ခြေလျင် တပ်ရင်း၊ စစ်တွေပါ။ ကျနော်တို့ အခုလောလောဆယ် ကျန်တာ ဘာမှပြောလို့ရတဲ့ အခြေနေမဟုတ်ပါဘူး။ အမှုစစ်ဆေးတာလည်း မလုပ်ရသေးပါဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးဘကျော်က ဆက်လက် ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ရွာသား ၂၇၅ ဦးအား ရွာရှိ အစိုး၇ စာသင်ကျောင်း၌ခေါ်ယူကာ တပ်မတော်က ဖမ်းဆီး စစ်ဆေးခဲ့သည်။ ထိုသို့ ဖမ်းဆီး စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ ညဉ့်အစောကြီး အချိန်တွင် စိတ်မနှံ့သူတစ်ဦးမှ ထအော်ပြီး ထွက်ပြေးရာမှ စစ်တပ်မှ ပစ်ခတ်သဖြင့် လူ ရ ဦးသေဆုံးပြီး တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ ရွာခံလူငယ် ၆ ဦးကိုလည်း ရက္ခိုင်တပ်တော် (AA) နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AAဖြင့် ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးခံထားသူ ဦးရေ ၂၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.