ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် နေရာ ၃ ခု၌ ပစ်ခတ်မှုဖြစ်၊ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂ဝ၁၉

မဟာမိတ်ညီနောင် ၃ ဖွဲ့မှ တစ်လတာ တဖက်သတ် အပစ်အခတ် ရပ်ဆိုင်းသည့်ကြေညာချက် ထုတ်ပြန်ပြီးနောက် (၃) မြောက်နေ့တွင် ရခိုင်ပြည်နယ် နေရာ ၃ ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်ပွားခဲ့သည့် နေရာ ၃ခုမှာ ရခိုင်ပြည်နယ်ဘူးသီးတောင်- ရသေ့တောင်မြို့နယ် အစပ် ၊ မြောက်ဦးမြို့နယ် ရွာဟောင်းတောနှင့် ကျောက်တော် မြို့နယ် ဒက်ဖြူရွာနှင့် တောင်ဗွေ အကြားတွင် ဖြစ်သည်ဟု သိရသည်။

ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာသား တစ်ဦးက “ ကျနော်တို့ရွာထဲကို တပ်မတော်က မနက် ၁ဝ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်လာတယ်။ ရွာသားတွေလည်း ထွက်ပြေးကြတယ်။ ကျနော်လည်းပုန်းနေတာပါ။ ရွာသားတချို့ကို ဖမ်းပြီး စုပါတယ်။ အဲဒီက ၂၅ ဦးကို ခေါ်သွားပါတယ်။ လင်မယားနှစ်ယောက်လည်း အိမ်ထဲမှာ ပုန်းနေရာက လက်နက်ကြီးကျလာပြီး အမျိုးသမီးမှာ ရင်ဘတ်မှာ ထိပါတယ်။ သူ့အမျိုးသားမှာ ခြေသလုံးမှာ ထိပါတယ်။ ကလေးတွေတော့ ဘာမှမဖြစ်လိုက်ပါဘူး”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရရှိသူ ဇနီးမောင်နှံနှစ်ဦးမှာ ဒေါ်မှဲ့နီခိုင်(၄၈)နှစ်နှင့် ဦးမောင်ကျော်သိန်း(၅၃)နှစ် ဖြစ်ပြီး လက်ရှိတွင် ၄င်းတို့အား ကျောက်တော်မြို့နယ်ဆေးရုံတွင် ပို့ဆောင် ကုသနေရကြောင်း သိရသည်။

ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူကိုစိုးမိုးက “ ကျွန်တော်တို့ဆီကို ရွာသား တစ်ဦး ဖုန်းဆက်ပြီး ရွာသား နှစ်ဦးဒဏ်ရာရရှိထားတယ်လို့ အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့လည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ ပြောတယ်။ နောက်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတဲ့ အတွက် ကျွန်တော်တို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့က အုပ်ချုပ်ရေးမှူး စပိဘုတ်နဲ့ နေ့လယ်က လူနာ လင်မယားနှစ်ယောက်ကို ကျောက်တော်မြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အမျိုးသမီးက နို့အိမ်ကို ထိသွားတဲ့ အတွက် နည်းနည်း စိုးရိမ်ရပါတယ်။ ယောက်ျားဖြစ်သူက ခြေသလုံးထိတာဆိုတော့ သိပ်မစိုးရိမ်ရပါ” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ဒက်ဖြူရွာမှ အရပ်သား ၂၅ ဦးအား တပ်မတော်က ခေါ်ဆောင်သွားခဲ့သော်လည်း သူပုန်ကျေးရွာ အရောက်တွင် ပြန်လွှတ်ပေးလိုက်သဖြင့် ယနေ့ ညနေ ၆ နာရီက ရွာသို့ ပြန်ရောက်လာသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ဘူးသီးတောင်မြို့နယ် သေကန်ခွဆုံကျေးရွာ အနီးတွင်လည်း ယနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး  ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက် ကျေးရွာဘက်မှ သေကန်ခွဆုံကျေးရွာအနီးသို့  စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေကန်ခွဆုံကျေးရွာမှ ဒေသခံတစ်ဦးက “ကျမတို့ သေကန် ခွဆုံနဲ့ အိုးဖောက်ကြားမှာတပ်မတော်က တောင်တွေရှိတဲ့ဘက်ကို လှမ်းပစ်နေတဲ့အသံတွေကြားရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် အသံအစုံပါပဲ။ ကျမတို့လည်း ကြောက်ပြီး ပုန်းနေကြပါတယ်။ ရွာသားတွေလည်း ထွက်ပြေး ကုန်ကြပါပြီ။ တပ်မတော်က တဖက်တည်းပစ်နေတာပါ။ နေ့လယ် ၂ နာရီလောက်က ပစ်တာပါ။ အခုအသံတိတ်သွားပါပြီ”ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဘူးသီးတောင်မြို့နယ် သေကံခွဆုံနှင့် ရသေ့တောင်မြို့နယ် အိုးဖောက်အကြား မေယုမြစ်ထဲမှ သေနတ်ပစ်ခတ်သံများကြားရ၍ အိုးဖောက်ရွာ တစ်ရွာလုံးသား ရွာကနေ ထွက်ပြေးသွားကြသည်ဟု သိရှိရကြောင်း ပြောကြားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ သုံးနေရာ ဖြစ်နေတာတော့ မဟုတ်ဘူး။ ကျောက်တော်တို့၊ ဘူးသီးတောင် တို့မှာ ဖြစ်တာမသိဘူး။ မြောက်ဦး ရွာဟောင်းတောမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းကို AA က မိုင်းဆွဲ တိုက်လို့ဖြစ်တာ။ ကျွန်တော်တို့ဆီကတော့ ဘာမှ မဖြစ်ပါဘူး။ ရွာသားတွေ ဒဏ်ရာရတာတော့ မသိဘူး။ AA ရခိုင်မှာ ရှိနေသရွေ့တိုက်ပွဲဆိုတာ ရှိနေမှာပဲ”ဟု ပြောသည်။

မြောက်ဦးမြို့နယ် ရွာဟောင်းတောအနီးရှိ တောင်တန်းများ ဘက်သို့လည်း ယနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာသားများ ကြောက်လန့်ပြီး ပုန်းအောင်းနေခဲ့ရကြရသည် ကျေးရွာသား တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA မှ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်ရာ အဆက်အသွယ်၍ မရရှိခဲ့ပါ။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရန် လက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်တွေနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သည် သြဂုတ်လ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့ကြပြီး ယခုလ (၁၆၊ ၁၇) ရက်များတွင် ထပ်မံတွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ