ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကန်စောက်စစ်ဘေးရှောင်စခန်းသို့ WFP ဆန်ကူညီမှုကိုရပ်တန့်ရန် ပြည်နယ်အစိုးရညွှန်ကြားထားသဖြင့်ရိက္ခာပြတ်လပ်မှုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၁၂ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Programme (WFP) မှ ကူညီနေသော ဆန်ရိက္ခာအား ပြည်နယ်အစိုးရမှ ရပ်တန့်ထားရန် ညွှန်ကြားသဖြင့် ၎င်းစခန်းတွင် ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု စခန်း တာဝန်ရှိသူများက ပြောသည်။

“ WFP က ထောက်ပံ့နေတဲ့ အထဲမှာလည်း ဒီလ လာထောက်ပံ့ရင် ဆီနဲ့ပဲ နှစ်မျိုးဘဲပါမယ်။ အခုလမှာ ဆန်ကို အစိုးရက ထောက်ပံ့ခွင့်မပြုလို့ ပြောပါတယ်။ WFP ကအဲလိုသာ မထောက်ပံ့ပေးဘူးဆိုရင်၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း မထောက်ပံ့ မကူညီဘူးဆိုရင် ဒီလမှာ ဆန်ကိစ္စ စားရေး၊ သောက်ရေး အရမ်းအခက်အခဲဖြစ်နိုင်တယ် ” ဟု စစ်ဘေးရှောင် စခန်းတာဝန်ခံ ကန်စောက်ကျောင်းထိုင်ဆရာတော် က မိန့်ကြားသည်။

သို့အတွက် ကျောက်တော်မြို့နယ် ကန်စောက် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် စားနပ် ရိက္ခာပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ပြောဆိုသည်။

WFP မှ ဆန်ထောက်ပံ့မှုအား ရပ်တန့်ထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် အစိုးရက ထောက်ပံ့ပေးထားသည့် ဆန်အလုံအလောက်ရှိသည့်အတွက်ကြောင့် တားမြစ်ထားခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြားသည်။

“အစိုးရက စခန်းတွေအကုန်လုံးနီးပါးကိုဘဲ ဆန်ရိက္ခာအပြည့်အဝ ထောက်ပံ့ပေးနေတယ်။ ဆန်ရိက္ခာ ပြည့်ပြည့်စုံစုံ ဖုံဖုံလုံလုံ ရပြီးသားအတွက်ကြောင့် နောက်တခါ ဆန်အိတ်က ပေးလို့ရှိရင် အဲဒီဆန်တွေ ပိုလျှံဆန်ဘဲ ဖြစ်လိမ့်မယ်။ အဲဒီတော့ ဆန်အစား တခြားသောရိက္ခာတွေပေးလို့ရှိရင် ပြည်သူအတွက်ပိုပြီးတော့ မထိရောက်ဘူးလား။ ဆန်ရိက္ခာ မဖုံလုံဘူး။ ဥပမာ- ရိက္ခာ မဖုံ လုံဘူး။ ဘယ်စခန်းဘယ်စခန်းကြည့်တယ်။ အဲ့ဒီစခန်းတွေမှာ မဖုံလုံဘူးဆိုရင် အစိုးရက ဆန်ရိက္ခာကိုတော့ ပြည့်ပြည့်ဝဝ ထောက်ပ့ံပေးနိုင်တယ်။ ဒါပေမဲ့ အခြားသော ဝေယျာဝိစ္စ အတွက်တော့ ထောက်ပံ့ပေးမှုမရှိဘူး။ ဆန်ရိက္ခာ ဖုံလုံနေပြီးသား ဖြစ်တယ်။ အခြားရိက္ခာကူညီပံ့ပို့မယ်ဆိုရင် ပိုပြီးတော့ မပ့ံနိုင်ဘူးလား သူတို့အနေနဲ့။ ဥပမာ ဆန်ရိက္ခာရယ်၊ အခြား ရိက္ခာရယ် ပံ့ပို့မယ်ဆိုလို့ရှိရင် ဥပမာ စခန်း ဆယ်ခုပံ့ပိုးနိုင်တယ် ဆိုပါစို့။ ဆန်ရိက္ခာမထောက်ပ့ံရဘူး။ အခြား ရိက္ခာ ထောက်ပ့ံ ရမယ် ဆိုလို့ရှိရင် စခန်း နှစ်ဆယ် မထောက်ပံ့ နိုင်ဘူးလား။ ဒါဆိုရင် ပြည်သူအတွက်ပိုပြီး အကျိုးမရှိဘူးလား။ အဲလိုမျိုး ပြောတာပါ။ ဟိုလိုမျိုးလုံးဝ မထောက်ပံ့ရဘူး ဘာညာ အဲ့လို မျိုးကန့်ကွက်တာမဟုတ်ဘူး” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကန်စောက် စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းတွင် အိမ်ထောင်စု (၁၁၈)စု၊ လူဦးရေ (၄ဝဝ) ကျော်ရှိပြီး တစ်လလျှင် ဆန်အိတ် (၁၃ဝ)ခန့်လိုအပ်ကြောင်း ဆရာတော်က မိန့်ကြားသည်။  

ထိုသို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည့် အတွက် အစိုးရသည် အုပ်ချုပ်သည့် လူတန်းစားဖြစ်သည့် အတွက်ကြောင့် အုပ်ချုပ်ခံ လူတန်းစားအပေါ်မေတ္တာထားစေချင်ကြောင်း၊ ယခုကဲ့သို့ လျစ်လျူရှုထားလျှင် မေတ္တာပျက်ရာရောက်မည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူကြားတွင် ပိုမိုစိမ်းသွားလိမ့်မည်ဟု ထင်မြင်ကြောင်း ကန်စောက် ဆရာတော်က မိန့်ကြားသည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းမှ WFP မှ ဆန်ရိက္ခာ ထောက်ပံ့မှုအား ရပ်တန့်ထားကြောင်း  ပြောဆိုလာသည့် အတွက် နိရဥ္စရာ သတင်းဌာနအနေဖြင့် ဟုတ်/မဟုတ်သိလို၍ WFP သို့ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပါ။

(ကန်စောက်စစ်ဘေးရှောင်စခန်း/ ဓာတ်ပုံ- ကိုသန်းလှိုင်)

ဆက်စပ် သတင်းများ