နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာလ ၁၂ /၂၀၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော နိုင်ငံကျော် အဆိုတော် အေသင်ချိုဆွေက ရခိုင်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်ပြီး ငြိမ်းချမ်းရေးရစေချင်သည်ဟု ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းက စစ်တွေရှိ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်သစ်ဖွင့်ပွဲတွင် ဖျော်ဖြေရန် ရောက်ရှိလာစဉ် နိရဥ္စရာ သတင်းဌာနမှ တွေ့ဆုံမေးမြန်းရာ ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
“ရခိုင်မှာစစ်ဖြစ်နေတာကို သိပါတယ် ။ သတင်းတွေလည်း ကြည့်ဖြစ်တယ်။ ရခိုင်လူမျိုးဆိုတာကလည်း ကိုယ့်လူမျိုးပဲ။ ခုစစ်ဖြစ်နေတာကလည်း ကိုယ့်လူမျိုးအချင်းချင်း ဖြစ်နေကြတာ ပေါ့နော်။ ဒါကြောင့် စိတ်မကောင်းဘူး။ ကိုယ်ကလည်း အာဏာ ပါဝါရှိတဲ့ လူတစ်ယောက် မဟုတ်တဲ့အတွက် ညှိနှိုင်းတာတွေ ဘာမှ မလုပ်ပေးနိုင်ဘူး။ ငြိမ်းတော့ငြိမ်းချမ်းစေချင်တယ်။ ဘာလို့လည်းဆိုတော့ ကြားထဲက ပြည်သူတွေပဲ ဒုက္ခရောက်တာလေ။” ဟု သူမက ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသည့်ကာလတွင် ယခုကဲ့သို့ ဖျော်ဖြေပေးရန်လာရောက်ရဲသည်မှာ ရခိုင်သား များသည် ကိုယ့်လူမျိုးများဖြစ်သည့်အတွက် စိုးရိမ် ကြောက်လန့်မှု မရှိဟုလည်း သူမက ပြောဆိုခဲ့သည်။
၇ခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ၈ လကျော် ကြာမြင့်နေပြီဖြစ်ပြီး စစ်ပြေးဒုက္ခသည် ၆ သောင်းခွဲခန့် ရှိနေပြီ ဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး(REC)၏ စာရင်းအရ သိ၇သည်။