နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာလ ၁၃ / ၂၀၁၉
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူကုန်ကူးမှုများသည် ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်နယ် လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၅) စစ်တွေမှ ရဲမှူးဝင်းကိုကိုက ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ရ ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ရဲမှူး ဝင်းကိုကိုက မီဒီယာများအား ပြောသွားခြင်း ဖြစ်သည်။
“၇ခိုင်ပြည်နယ်က ဖွံ့ဖြိုးတိုးတက်မှုနည်းတယ်။ အလုပ်အကိုင်တွေ အခွင်းအလမ်းတွေ နည်းပါးတယ်။ အဲလိုနည်းပါးတဲ့အတွက် လူငယ်တွေက သူတို့ဘ၀တွေတိုးတက်ဖို့အတွက် နိုင်ငံခြားတွေကို ရွှေ့ပြောင်း သွားလာနေကြတယ်။ ဒါကြောင့် လူကုန်ကူးမှုတွေ ဖြစ်ပွား နေတာဖြစ်တယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်မှ ပြည်သူများသည် တရုတ်ပြည်သို့ အဓိက ဦးတည်ပြီး ရွှေ့ပြောင်းသွားလာနေကြသောကြောင့် လူကုန်ကူးမှုဖြစ်စဉ်များသည် တရုတ်ပြည်ဖက်တွင် အဖြစ်များနေသည်ဟုလည်း ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ စာရင်းအရ လူကုန်ကူးခံ၇သူ ၁၇ ဦးရှိခဲ့ပြီး လူကုန်ကူးသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ ကိုလည်း ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
ယခုနှစ်တွင် လူကုန်ကူးမှုဖြစ်စဉ် မည်မျှရှိသည်ဆိုသည်ကိုမူ ရခိုင်ပြည်နယ် လူကုန်ကူး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။