ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ညဉ့်အချိန်သေနတ်ပစ်ခတ်မှုအပါအဝင် ရွာသားအချို့မေးမြန်းခံရ၍ ကုလားမတောင်ရွာသားအချို့ထွက်ပြေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာတွင် ညဉ့်အချိန် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် အပြင် ရွာသားအချို့အား စစ်ဆေးမေးမြန်းမှုများရှိခဲ့သဖြင့် ရွာသားအချို့မှာ ကြောက်လန့်ပြီး ရွာကနေ တစ်ခြားနေရာများသို့ ထွက်ပြေး တိမ်းရှောင် သွားကြသည်ဟု ကျေးရွာသားများက ပြောကြားသည်။

အမည်မဖော်လူသူ ရွာသားတစ်ဦးက “ စစ်တပ်က စက်တင်ဘာ ၁၇ ရက်နေ့ ညဉ့်အချိန်မှာ သေနတ် ဆယ်ကိုးချက်လောက် ပစ်ပါတယ်။ စစ်တပ်က ရွာကို ဒီလ ၁၇ ရက်နေ့မှာရောက်ပါတယ်။ ရွာသားတွေကို ည ၇ နာရီကနေ နံနက် ၇ နာရီထိ အိမ်ကနေ အပြင်မထွက်ရ၊ ရွာကနေ အဝင်အထွက်လည်း မလုပ်ရဘူးဆိုပြီး ရွာဆော်ကနေ တစ်ဆင့် ရွာမှာ ကျေညာထားပါတယ်။ ရွာမှာက စိတ်မနှံ့တဲ့အရူး တစ်ယောက်ရှိပါတယ်။ သူက ညဉ်အချိန် ရွာထဲမှာ လျှောက်သွားနေတယ်ထင်ပါတယ်။ သူ့ကို မြင်တော့ ပစ်တယ်လို့ သိရပါတယ်။ အဲဒီ စိတ်မနှံ့တဲ့သူကိုလည်း ဖမ်းဆီးထားပြီး မနက်မိုးလင်းမှ ပြန်လွတ်ပေးလိုက်ပါတယ်။ အိမ်နှစ်ဆောင်ကတော့ ကျည်ဖောက်သွားပါတယ်” ဟု ပြောကြားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားနှစ်ဦးမှ ရွာပြင်မှ ရွာထဲသို့ ပြေးဝင်လာသည်ကို ဘုန်းကြီးကျောင်းတွင် တပ်ချထားသော ကင်းသမားမှ မြင်ပြီးရွာထဲတွင် ရှာဖွေစဉ် မတွေ့သဖြင့် အနည်းဆုံး ရွာသားလေးဦးကို ဘုန်းတော်ကြီးကျောင်းကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု ပြောဆိုသည်။

“ အရှေ့ဘက် ကန်ဘောင်ဘက်က ကလေးတွေက ပြန်ဝင်လာတော့ သူတို့ကို တပ်က လိုက်ရှာပါတယ်။ အဲဒီကလေးတွေကို ရှာမရတော့ အနီးအနားက အိမ်တွေက အသက် ၄ဝ အရွယ် အိမ်ထောင်ရှင်တွေဖြစ်ကြတဲ့ မောင်မြင့်ရွှေ၊ ထွန်းမောင်ချေ၊ ဦးဝင်းမောင်၊ မောင်ဝင်းလိူင် ခေါ်ယူစစ်ဆေးပါတယ်။ စစ်ဆေးနေစဉ် ဘုန်းတော်ကြီးကျောင်းထဲမှာ နေ့လယ် ၁၂ နာရီကျော်ကနေ တစ်နာရီလောက် နေပူခံခဲ့ကြရပါတယ်။ နောက်ကလေး နှစ်ယောက်ကို တွေ့တော့မှ့ပြန်လွတ်လိုက်ပါတယ်။ မနေ့ကတည်းက ရွာသား ၁ဝဝ လောက်ကတော့ နီးစပ်ရာ စစ်ဘေးရှောင် စခန်းတွေကို ထွက်သွားကြပါတယ်” ၎င်း ရွာသားက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကုလားမတောင် ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ရွာသား ၄ဦး စစ်ဆေးခံရခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ရွာမှာ ည ၇ နာရီကနေ နံနက် ၇ နာရီထိ မထွက်ရဘူးဆိုပြီး စစ်တပ်က ကျေညာထားပါတယ်။ ကျွန်တော်ရွာမှာ စိတ်မနှံ့တဲ့သူတစ်ယောက်ရှိတော့ ညဉ့်အချိန် ရှောက်သွားနေတဲ့ အတွက် စစ်တပ်က ဆယ်ကိုးချိန်းလောက် ခြောက်ပြီး ပစ်ခတ်ပါတယ်။ သူ့ကို ဖမ်းထားပြီး မနက်မှာပြန်လွတ်လိုက်ပါတယ်။ လူ ၄ ဦးကိုလည်း စစ်ဆေးရတာကလည်း မနေ့ နေ့လယ်က ရွာထဲကို ပြေးဝင်လာတဲ့ ကလေးနှစ်ဦးကို ဘယ်သူ ဘယ်ဝါမှန်း မသိတော့ စစ်တပ်က လိုက်ရှာတယ်။ ရှာမရတော့ အနီးအနားမှာရှိနေတဲ့ သူတို့ကို ခေါ်ယူစစ်ဆေးတာပါ။ နေပူလှမ်းတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်ရောက်သွာတဲ့ အချိန်မှာ စစ်ဆေးပြီး ကလေးတွေကိုလည်း ပြန်တွေ့တာမို့ ပြန်လွတ်ပေးလိုက်ပါတယ်။ ကလေးတွေက တောင်က နွားတွေ စပါးခင်းကို ဝင်စားတော့ သွားချည်ကြတာ။ ရွာကို ပြန်ဝင်လာတဲ့ အချိန်မှာ စစ်တပ်ကင်းက ခေါ်တော့ ကြောက်ပြီး ရွာထဲကို ပြေးဝင်လာကြတာပါ။ တပ်ကတော့ အဲဒီကလေးတွေကို ပြောပါတယ်။ တပ်က ခေါ်ရင် မပြေးနဲ့။ နောက်ဆိုရင်အတွေ့ခံပါ။ ဘာမှ မဖြစ်ဘူးလို့ ပြောပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

သို့သော်လည်း ရွာသားများမှာ ကြောက်လန့်နေကြကြောင်း၊ ယနေ့တွင်လည်း လိုင်းစက်လှေဖြင့် အနည်းဆုံး ရွာသား ၃ဝ ခန့် ရွာကနေ ထွက်ခွာသွားကြသည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကုလားမတောင်ကျေးရွာတွင် အိမ်ခြေ ၃၆ဝ ကျော်ရှိပြီး အလယ်တန်းကျောင်းရှိကြောင်း၊ မြို့မှ ဆရာ ဆရာမများမှာ ကြောက်ပြီး မလာကြသဖြင့် ရွာမှ ငှားထားသည့် ဆရာများက စာပြနေကြကြောင်း၊ ရွာတွင် ဆင်းရဲပင်ပန်းသူများပြီး အပြင်ကို ထွက်ပြီးလည်း အလုပ် မလုပ်နိုင်ကြသဖြင့် ရွာသားများမှာ ကြောက်လန့်စိုးရိမ်မှုနှင့်အတူ စားရေးသောက်ရေး အခက်အခဲရှိနေကြကြောင်း၊ တစ်ချို့လည်း ရွာကနေ စစ်ဘေးရှောင်စခန်းသို့ သွားရောက်ခိုလှုံနေထိုင်နေကြကြောင်း ရွာသား တစ်ဦးက ပြောဆိုသည်။ 

ဆက်စပ် သတင်းများ