Preview

ဘူးသီးတောင်မြို့ စကခဌာနချုပ်ကို AA မှ ၁၀၇ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

စက်တင်ဘာ ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :9915
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)၊ ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးခုတ်ချောင်းအနီးတွင်တည်ရှိသည့် စကခ (၁၅) တပ်မဌာနချုပ်အား ရက္ခိုင့်တပ်တော် (AA) မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ဒေသအတွင်းက ဆရာတော်တစ်ပါးက “ ဦးဇင်းတို့ကြားတာက စက်တင်ဘာ ၂၀ ရက်၊ ညနေ  ၄ နာရီလောက်မှာ ပစ်ခတ်သံတွေကို ကြားရတယ်။ အဲဒီနောက်ရဟတ်ယာဉ် နှစ်စီးပျံတက်တာကို မြင်ရတယ်။ တစ်စီးက တပ်မဌာနချုပ် အရှေ့ဘက်က တောင်တန်းတွေကို ဝဲပျံပြီး ပစ်ခတ်တာကိုတွေ့ရတယ်။ တစ်စီးကတော့ စစ်တွေဘက်ကို ပျံသွားတာကို တွေ့၇ပါတယ်။ ပစ်ခတ်သံတွေကတော့ ညနေ ၄ နာရီကျော် ၅ နာရီထိ ဆက်တိုက် ဆက်တိုက်ကြားခဲ့ရပါတယ်” ဟု ပြောကြားသည်။ 

၎င်း ရှော့တိုက်ဒုံး ၄ လုံးအား တပ်မဌာနချုပ် အရှေ့ဘက် ရှိ တောင်ကုန်းများပေါ်မှ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချူပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်းက ဗိုလ်မှူးကြီး ဝင်းဇော်ဦးက "တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်လေ။ AAဖက်ကကျတာများတယ်။ ကျနော်တို့ဖက်ကလည်း နည်းနည်းကျတယ်။ ရဟတ်ယာဉ်နဲ့ ပစ်တာဟုတ်ပါတယ်" ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုမူ ပြောဆိုရန် ငြင်းဆိုသည်။

ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်ရာတွင် သုံးလုံးကွဲပြီး တစ်လုံးမကွဲကြောင်း၊ သုံးလုံးပေါက်ကွဲရာတွင် တပ်မဌာချုပ် အိမ်ထောင်သည် လိုင်းအတွင်း တစ်လုံး၊ ရဟတ်ယာဉ်ကွင်းအနီး တစ်လုံး၊ လယ်ကွင်းအတွင်း နှစ်လုံး ကျရောက်ပြီး တစ်လုံးပေါက်ကွဲကြောင်း၊ အိမ်ထောင်သည် လိုင်းအတွင်း ပြေးလွှားဆော့ကစားနေသော ကလေး၂ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာသတင်းမီဒီယာ တစ်ခုဖြစ်သည့်  Media Lann အွင်လိုင်း သတင်းတွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ပြင်းရှည် ကျေးရွာမှ အမည်မဖော်လိုသူ ရွာသား တစ်ဦးက " တိုက်ပွဲက ညနေ ၄နာရီလောက်က  စဖြစ်တာပါ။ ရဟတ်ယာဉ်နဲ့ အပေါ်ကပစ်ပါတယ်။ ရွာသားတွေကြောက်ရွံ့နေကြပါတယ်" ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက "တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေဆီက ဖုန်းဝင်လာတယ်။ ဖြစ်တာလောက်ဘဲ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဘယ်သူမှ သွားလာလို့ ရတာမှ မဟုတ်တဲ့ အတွက် အသေးစိတ်ကို သိဖို့ မလွယ်ပါ"ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခအား ယနေ့နံနက်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။

ပစ်ခတ်မှုအတွင်း စစ်ရဟတ်ယာဉ် သုံးစီးတွင် တစ်စီးထိခိုက်မှုရှိကြောင်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ 

ယခုတိုက်ခိုက်မှုသည်  မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဒီဇင်ဘာလကုန်ထိ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကျေညာချက်ထုတ်ပြန်သည့် ပထမနေ့ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.