Preview

မင်းပြားမြို့နယ်၊ မြင်းကဆိပ်ရွာအနီးတပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရ

စက်တင်ဘာ ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :4153
ရခိုင် သတင်း

စိုးဇံအောင်
စက်တင်ဘာ ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊မြင်းကဆိပ်ရွာနှင့် အသေကာလ ရွာအကြားတွင် ယနေ့နံနက် ရ နာရီကျော်က တပ်မတော်စစ်ကြောင်းတစ်ခုမိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

"ဒီနေ့ မနက် ရနာရီကျော်၊ ၈ နာရီ မထိုးခင်လောက်က ပေါက်ကွဲသံ ကြား၇တယ်။၂ မိနစ်ခြား တစ်ခါ ပေါက်ကွဲတာ။သုံးလုံး၊ လေးလုံးလောက် ဆက်တိုက်ပေါက်ကွဲသံ ကြားရပါတယ်"ဟု မြင်းကဆိပ်ရွာသား ဦးမောင်စိန်ညွန့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ပေါက်ကွဲခဲ့သောနေရာသည် မြင်းကဆိပ် မြောက်ဘက် ချောင်းကူးပြီးနောက် မြင်းကဆိပ်နှင့် အသေကာလ ကျေးရွာအကြား ရွာဟောင်းချောင်းတံတားတွင် ဖြစ်ပွားခဲ့ကြောင်း၊ အသေကာလမှ ၂ ဖာလုံနီးနီး ဝေးကြောင်း၊ မိုး လေးလုံး ငါးလုံး ပေါက်သံကြားရကြောင်း၊ ၎င်းနောက် လက်နက်ငယ်ပစ်သံ ဆယ်ကိုးချက်ခန့်ကြားရကြောင်း ဒေသခံရွာသားက ပြောကြားသည်။ 

စက်တင်ဘာလ ၁၉ ရက်နေ့က မြင်းကဆိပ်ရွာသို့ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုမှ ရောက်လာပြီး ၂ ညခန့် စခန်းချနေထိုင်ကာ ယနေ့နံနက်မှ ပြန်လည် ထွက်ခွာ သွားစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"စစ်သားတွေ ရွာကို ရောက်လာတယ်။ နှစ်ညလောက် ဒီမှာ စခန်းချခဲ့တယ်။ဒီနေ့ နံနက်မှ ပြန်ထွက်သွားတယ်။ သူတို့ ထွက်သွားပြီး သိပ်မကြာခင်ပဲ ပေါက်ကွဲသံကြား ရတာ"ဟု ဦးမောင်စိန်ညွန့်က ဆက်ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း"ကျွန်တော့်ကို ဒီမနက်က အရပ်သားတစ်ယောက် ဖုန်းဆက် ပြောပါတယ်။မိုင်း ပေါက်ကွဲတယ်ဆိုပြီး ပြောတယ်။ဆွဲမိုင်းလား၊ဘာမိုင်း အမျိုး အစားလည်းဆိုတာတော့ မသိပါဘူး"ဟု နိရဥ္စရာ သို့ ပြောသည်။

အထိအခိုက် ရှိမရှိကိုလည်း မသိ၇သေးဟု ၎င်းက ပြောကြားသည်။

#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.