သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ်ယိုးဆနွင်းကျေးရွာအနီးတိုက်ပွဲ ၂ ကြိမ်ဖြစ်၊ ဒုတိယအကြိမ်တိုက်ပွဲ ၃နာရီကျော်ကြာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.3k

ချစ်အိလှိုင်
နိရဥ္စရာ ၊ စက်တင်ဘာ၂၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ယိုးဆနွင်းကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၂ နာရီခွဲအချိန်ထိ တစ်ကြိမ်၊ ညနေ ၃နာရီ မိနစ် ၅ဝ ခန့်မှ ည ၇ နာရီခန့်ထိ တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ဒုတိယ တစ်ကြိမ် ဖြစ်ပွားသည့် တိုက်ပွဲမှာ ၃ နာရီကျော် ကြာမြှင့်သည်ဟု အနီးအနားရှိ ယိုးဆနွင်းကျေးရွာသား တစ်ဦးက ပြောကြားသည်။

ယိုးဆနွင်းကျေးရွာသား တစ်ဦးက “ ပထမ တစ်ကြိမ်ကတော့ လက်နက်ကြီးပစ်ခတ်သံတွေကိုဘဲ ကြားရပါတယ်။ ဒါက တိုက်ပွဲ ဖြစ်သလား၊ တစ်ဖက်တည်းက ပစ်တာလား ကျွန်တော်တို့ မသိပါ။ ဒုတိယ တစ်ကြိမ်ကတော့ အကြီး အကျယ်ချကြပါတယ်။ လက်နက်ငယ်ရော၊ လက်နက်ကြီးရော အကုန်ကြားရပါတယ်။ ကျွန်တော်တို့ရွာကနေ သုံးမိုင်ခန့် အဝေးမှာ ဖြစ်တာပါ။ မီးခိုးလုံးတွေထွက်တာကို ရွာကနေ မြင်ရပါတယ်။ ဒုတိယ အကြိမ်က ညနေ ၃နာရီ မိနစ် ၅ဝ ခန့်မှ ည ၇ နာရီခန့်ထိ ၃ နာရီစွန်းစွန်း ဖြစ်ကြပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲမှာ ယိုးဆနွင်းကျေးရွာအနီးတွင် ပထမဆုံးအကြိမ် ဖြစ်ပွားပြီး သေနတ်ပစ်ခတ်သံများကို ယခင်က အနီးကပ် ကျယ်လောင်စွာ မကြားရဖူးသဖြင့် ယခုလို အနီးကပ်ကြားရ၍ ကျေးရွာသားများအနေဖြင့်  ကြောက်လန့်စိုးရိမ် နေကြပြီး တစ်ချို့ရွာသားများမှာ ရွာကနေ မြို့ပေါ်နှင့် တစ်ခြား လုံခြုံရာ နေရာများသို့ ထွက်ပြေးနေကြကြောင်း ၎င်းက ပြောကြားသည်။

“ ဖြစ်တဲ့နေရာက ရန်ကုန်-စစ်တွေကားလမ်း အရှေ့ဘက်ကျပါတယ်။ ဖြစ်တဲ့ နေရာက ရိုးနဲ့ဆက်နေပါတယ်။  သဲချောင်းနဲ့ ပိန္နဲချောင်းကြားမှာ ဖြစ်နေတာပါ။ မနေ့ကလည်း သဲချောင်းထဲမှာ ဖြစ်ပါတယ်။ လက်နက်ကြီးသံတွေ ကြားရပါတယ်” ဟု  ၎င်းက ဆက်ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ယနေ့ နေ့လယ် ၂ နာရီခွဲခန့်မှ ဆက်သွယ်မေးမြန်းရာ ၎င်းက “ မနေ့က ရခိုင်ပြည်နယ် နေရာ ၃ ခုမှာ ဖြစ်တာတော့ရှိတယ်။ ဒီနေ့မြေပုံမြို့နယ်မှာ ဖြစ်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အတိကျတော့ သတင်းမရသေးဘူး ” ဟု ပြောကြား သည်။

တိုက်ပွဲမှာ ယမန်နေ့ကလည်း မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ယနေ့တွင်လည်း ဆက်လက်ပြီး ဖြစ်ပွားနေသဖြင့် ရွာသားများ စိုးရိမ်နေကြသည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ ကျွန်တော်လည်း ရွာသားတွေကို ဆက်သွယ်ပြီး အချိန်တိုင်း သတင်းယူနေပါတယ်။ တိုက်ပွဲ ဖြစ်နေတာတော့ မှန်ပါတယ်။ မနေ့ကလည်း ယိုးဆနွင်းရွာ အရှေ့ဘက်တောင်တန်းတွေမှာ နံနက်၊ နေ့လယ် နှစ်ကြိမ် ဖြစ်ခဲ့ကြတယ်။ ဒီနေ့လည်း မနက် ၁၁ နာရီကျော်ကနေ ညနေထိ ဖြစ်နေကြတယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန်ချနေကြတယ်။ အရပ်သားတွေကိုတော့ ခုချိန်ထိတော့ တစ်စုံတစ်ရာထိခိုက်မှုမရှိသေးဘူး။ ဒါပေမယ့် ရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတော့ လူတွေက ကြောက်လန့် စိုးရိမ်နေကြတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပထမတန်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ၎င်းက  “တိုက်ပွဲဖြစ်တာ မဟုတ်ဘူးထင်တယ်” ဟု ဖြေကြားပြီး အလုပ်မအားဟုဆိုကာ ဆက်လက်ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါသည်။


ဆက်စပ် သတင်းများ