သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်နေ၍ မြေပုံမြို့နယ် ယိုးဆနွင်းအထက်တန်းကျောင်းပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ စက်တင်ဘာ ၂၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာ အထက်တန်းကျောင်းကို တိုက်ပွဲဖြစ်ပွားနေသဖြင့် ပိတ်ထားရကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲဖြစ်တာက ဒီလ ၂၁ ရက်နေ့က စဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ဆရာ ဆရာမတွေလည်း မလာတော့ဘူး။ ကလေးတွေလည်း မိသားစုတွေနဲ့ အတူ ထွက်ပြေးသူ ထွက်ပြေး၊ အိမ်မှာနေသူနေ၊ အပြင်လည်း သွားလာဖို့ ကြောက်တော့ ကျောင်းတက်မယ့်သူလည်းမရှိ၊ အခု ပိတ်ထားရတာ ၄ ရက်ရှိပါပြီ” ဟု ရွာခံတစ်ဦးဖြစ်သူ ဦးမောင်ထွီးချေက ပြောသည်။

ယိုးဆနွင်းကျောင်းမှာ ၂ဝ၁၇ ခုနှစ်က အထက(ခွဲ)မှ အထက အဖြစ်သို့ တိုးမြှင့်ခံခဲ့ရသည်။

တိုက်ပွဲမှာယနေ့တွင်လည်း ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်သံများကို နံနက် ၇ နာရီကျော်မှ နေ့လယ် ၁ နာရီကျော်ထိ ကြားခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

“ တိုက်ပွဲက ၂၁ ရက်နေ့က စဖြစ်တယ်။ ၂၂ ရက်နေ့မှာတော့ အရမ်းပြင်းပါတယ်။ ၂၃ ရက်မှာတော့ ညနေပိုင်းမှာ လက်နက်ကြီးပစ်ခတ်သံကို ကြားရပါတယ်။ ဒီနေ့မှာတော့ မနက် ၇ နာရီကနေ နေ့လယ် ၁ နာရီခွဲထိ ဖြစ်ပါတယ်။ လက်နက်ကြီး သံတွေကိုဘဲ ဒီနေ့ကြားနေရပါတယ်” ဟု ပြောကြားသည်။

သေနတ်ပစ်ခတ်သံများ ထွက်ပေါ်နေသော နေရာမှာ ယိုးဆနွင်း အထက် ၃ မိုင်ခန့်အကွာ ကားလမ်းအထက် ရိုးတောင်ခြေရင်းမှာ ဖြစ်နေကြောင်း၊ ရွာသားများ အနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ပြောကြားသည်။
 
ရက္ခိုင့်တပ်တော် (AA) ၏ ယနေ့ထုတ်ပြန်ချက်ထဲတွင် မြန်မာစစ်တပ်သည် ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်နေ့မှစတင်ပြီး လက်နက်ကြီးများဖြင့် ရခိုင်ဒေသအတွင်း ညအချိန်မတော် နေရာအနှံ့ ရမ်းသန်း ပစ်ခတ် တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ဤကဲ့သို့ တိုက်ခိုက်နေမှုကြောင့်  လက်နက်ကြီးစခန်းများထဲမှ မြေပုံမြို့နယ်၊ တောင်ကြီးရွာအရှေ့မြောက် (၁.၅) ကီလိုမီတာ အကွာအဝေး၌ ရှိသော မြန်မာစစ်တပ်၏ နပခလက်အောက်ခံ၊ အမြောက်တပ်  အမတ (၃၇၃) တပ်ရင်း၏ ယာယီ လက်နက်ကြီး စခန်းအား ရက္ခိုင့်တပ်တော် ကွန်မန်ဒိုများမှ စက်တင်ဘာလ(၂၂) ရက်၊ ညနေ(၄) နာရီခန့်တွင်ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း၊ သုံးနာရီနီးပါးကြာ တိုက်ခိုက်မှု အပြီးတွင်မြန်မာစစ်တပ်၏ ယာယီလက်နက်ကြီးစခန်းအားသိမ်းပိုက်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။

၎င်းပြင် တပ်မတော်သား အလောင်း(၁ဝ) လောင်း အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းများပါဝင်သော ခြင်းတောင်း(၁၈) လုံးကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ အထိအခိုက်၊ အကျအဆုံးအနည်းဆုံးဖြင့် ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဤတိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်၍ မရရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ