သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်နေရာ၂ခုတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ နေရာ ၂ ခုတွင် ယနေ့ နံနက်ပိုင်းက စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပြန်အလှန် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကြောင်း သတင်းရရှိသည်။

ဖြစ်ပွားနေသော နေရာ၂ ခုမှာ မြေပုံမြို့နယ်၊ ယိုးချောင်းတံတားမြောက်ဘက်၊ ယိုးဆနွင်းကျေးရွာအနီး တစ်နေရာနှင့်  မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအရှေ့ဘက် တောင်တန်းများတွင် တစ်နေရာဖြစ်ကြသည်။ 

၎င်း နေရာ ၂ ခုတွင် ယနေ့ နံနက်ပိုင်း ၉နာရီခန့်က စတင်ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေခြင်းမှာ ဟုတ်မှန်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောသည်။

 “အပစ်အခတ်ရပ်ဆိုင်းတဲ့ ထုတ်ပြန်ချက်သူတို့ ဟာသူတို့ ကြိုက်သလိုထုတ်ပြန် ချစရာရှိတာ ချမှာဘဲ။ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး ကြိုက်တဲ့နေရာသွားမှာ။ စစ်ဆင်ရေးနယ်မြေ အကုန်လုံးကိုသွားမှာ။ နယ်မြေ ရှင်းလင်းနေတာ ဖြစ်တယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်(MNTJP/MNDAA)၊ တအောင်း(PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA)တို့ သည် ပထမတစ်ကြိမ်  စက်တင်ဘာလ ၉ရက်နေ့မှ အောက်တိုဘာ ၈ရက်နေ့အထိ (၁) လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ဒုတိယအကြိမ်ဖြစ်  ဒီဇင်ဘာလကုန်အထိ တစ်ဖက်သတ် အပစ်ရပ်စဲရေးကို တိုးမြှင့်ထားသည်။

ယနေ့တိုက်ပွဲများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် မအားသေးကြောင်း ပြန်လည် ဖြေကြားသည်။

ယနေ့ မင်းပြားမြို့နယ်၊ ပန်းမြောင်းအရှေ့ဘက် ဒိုင်းသားရွာအနီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။

ပြင်ယောင်းကျေးရွာသားတစ်ဦးက “ အခု ဖြစ်နေတာကညကျနော်တို့ ပြင်ယောင်းနဲ့ဆို ၄မိုင်လောက်ဝေးတဲ့ ချင်းလူမျိုးများနေထိုင်တဲ့ ဒိုင်းသာရွာအရှေ့ဘက်က ခလောင်းကွမ်းဆိုတဲ့ စားကျက်မြေ နေရာမှာ ဖြစ်နေတာပါ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ နေရာတွေမှာ ဖြစ်နေကြတာပါ။ ကျနော်တို့ရွာကနေ လက်နက်ကြီး လက်နက်ငယ်အသံတွေကို အကုန် ကြားနေရပါတယ်” ဟု ပြောသည်။

အလားတူ မြေပုံမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ရဟတ်ယာဉ် ၄ စီးပျံဝဲလာပြီး  ၂စီးဖြင့် အပေါ်မှနေပြီး ပစ်ခတ်နေမှုကြောင့် ယိုးဆနွင်းကျေးရွာသားများ ကြောက်လန့် ထွက်ပြေးနေကြကြောင်း ဒေသခံများကပြောသည်။

(ဓာတ်ပုံ - ယနေ့ ယိုးဆနွင်းဘက်တွက် တိုက်ခိုက်နေသော ရဟတ်ယာဉ် တစ်စီးကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ