နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ၂၅ /၂၀၁၉
ရခိုင်စစ်ပွဲကာလအတွင်း ရှေးဟောင်းယဉ်ကျေးမှု၊ ဘာသာရေးအဆောက်အအုံများ နှင့် လူနေကျေးရွာများကို အကာအကွယ်ယူ၍ ပစ်ခတ်မှုများ မပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးသင့်ကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။
၄င်းအဆိုကို ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက လွှတ်တော်တွင် မှတ်တမ်း တစ်ခုအဖြစ်သာထားရှိဖို့ ဆွေးနွေးတင်ပြခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ် (၁)ဦး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုကို ထောက်ခံခဲ့သူ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က “အဲဒီအဆိုမှာ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေရှိတယ်။ ဒါကို ကာကွယ်ပေးဖို့ အဆိုတင်တာဖြစ်တဲ့အတွက် အဲဒီအဓိပ္ပာယ်ကိုကြိုက်လို့ ဒီအဆိုကိုထောက်ခံ၇တာဖြစ်တယ်။” ဟု သတင်းဌာနများကို ပြောသည်။
၄င်းအဆိုအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် မင်းပြားမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် လွှတ်တော်၌မဲခွဲဆုံးဖြတ်ရာ အဆိုကို အတည်ပြုရန်သဘောတူသူ (၃၁)ဦး နှင့် မှတ်တမ်းအဖြစ်သာထားရန် (၁)ဦးဖြင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
၇ခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် AA တို့ကြားတိုက်ပွဲဖြစ်ပွားသည်မှာ ၉ လနီးပါးကြာမြင့်နေပြီ ဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား မြို့နယ်များတွင် ရှိသော ရှေးဟောင်းယဉ်ကျေးမှု ၊ ဘာသာရေး အဆောက်အအုံများနှင့် လူနေကျေးရွာ /ရပ်ကွက်များကို အကာအကွယ်ယူ၍ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်အမှုများ ရှိနေသည်ဟု သိ၇သည်။