Preview

မြေပုံမြို့နယ်ယိုးဆနွင်းအနီး ၆ ရက်မြောက် တိုက်ပွဲဆက်ဖြစ်

စက်တင်ဘာ ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :5959
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၆ /၂၀၁၉

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ယိုးဆနွင်းကျေးရွာ အနီး ရိုးတောင်တန်းနှင့်တစ်ဆက်တည်း ရန်ကုန်-စစ်တွေ ကားလမ်းနှင့် ၃ မိုင်အကွာ နေရာတွင် ယနေ့နံနက် ရ နာရီကျော်မှ ၁၁ နာရီ အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြန်မာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် မြေပုံမြို့နယ်၊ယိုးဆနွင်းကျေးရွာ အနီးတွင် စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နှင့်ဆို ၆ ရက်ဆက်တိုက်  ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့လည်း မနက် ရ နာရီ ကျော်ကတည်းက ပစ်နေကြပြန်ပြီ။ ဆက်တိုက်ဆက်တိုက် ပစ်တဲ့သေနတ်သံပါ။ စက်သေနတ် ထင်တယ်။ မနေ့ကဆိုရင် ၇ဟတ်ယာဉ် ၄ စီးရောက်တယ်။ ၂ စီး အပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ချတယ်။ ရွာသားတွေကြောက်လို့ ထွက်ပြေးကုန်ကြပြီ။  သေနတ်သံတွေက ရပ်လိုက်ပစ်လိုက်နဲ့ အခုထိပစ်နေကြတာပါ ”ဟု ဒေသခံကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနအားပြောသည်။

တိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားနေသဖြင့် ကျေးရွာအတွင်း အထက်တန်းကျောင်းမှာ ပိတ်ထားရကြောင်း ယိုးဆနွင်းကျောင်းမှ ဆရာ တစ်ဦးကပြောသည်။

“ကလေးတွေက အောက်တိုဘာလ ပထမ အပတ်ထဲမှာ စာမေးပွဲစစ်ဖို့ရှိပါတယ်။ ဘယ်လိုလုပ်ရမှာလည်း မသိတော့ဘူး။ အခုကရွာမှာ လူ ၁၀၀၀ ကျော်ရှိတဲ့ရွာမှာ ၁၀၀ တောင်မပြည့်တော့ပါဘူး။ ကျွန်တော်တို့ ဆရာ / ဆရာမ တွေတောင် ယိုးဆနွင်းရွာကို မလာရဲကြတော့ဘူး”  ဟု ၄င်းကျေးရွာစာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာတစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်ဘက်က အလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသဖြင့် ရှေ့လျှောက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိ ခိုင်သုခ က နိရဥ္စရာသို့ပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချူပ် ပြောရေးဆိုခွင့်ရှိသူ ဗို်လ်မှူးကြီး ဝင်းဇော်ဦးကို နိရဥ္စရာမှ ဆက်သွယ်ရာတွင် မအားသေးဟု ဆိုကာ လက်ခံဖြေကြားခြင်းမရှိခဲ့ကာ နောက်ထပ် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိတော့ပါ။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.