သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့မှ ဥပဒေအရာရှိထွက်သွားရန် ငရဲမင်းအမည်ဖြင့် ခြိမ်းခြောက်စာကပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9k

သိန်းဇော်(မောင်တော)

စစ်တွေ၊ စက်တင်ဘာ ၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဥပဒေအရာရှိအား မြို့မှ ထွက်သွားပေးရန် သတိပေးစာတစ်စောင်ကို ငရဲမင်း အမည်ဖြင့် ယမန်နေ့ နံနက်ပိုင်းနေရာအချို့တွင် စာကပ်ထားသည်ဟု သတင်းရရှိသည်။

စက်တင်ဘာလ ၂၆ ရက်နံနက်ပိုင်း၌ ကျောက်တော်မြို့ စျေးအဝင်ဝ၊ ဓာတ်တိုင်များ၊ မီးစက်အနီးနှင့် အုတ်နံရံများတွင် ၎င်းသတိပေးစာအား ကပ်ထားသည်ဟု ကျောက်တော်မြို့တွင် သုံးဘီးဆိုင်ကယ်မောင်းနေသူ တစ်ဦးက ပြောသည်။

 “နံနက်ပိုင်း ကျနော်တို့ သုံးဘီးနဲ့ထွက်တဲ့ အချိန်မှာ အဲ့ဒီစာရွက်တွေ ကပ်ထားတာတွေ့ပါတယ်။ ဘယ်သူ ကပ်တယ်ဆိုတာကို ကျနော်တို့လည်း မသိဘူး။ သူကို့မြို့ကနေ ထွက်သွားဖို့ သတိပေးစာဖြစ်ပါတယ် ” ဟု ၎င်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စာထဲတွင် မိမိတို့ ရခိုင်လူမျိုးများအပေါ် ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုနေသည့် ရဲစုတ်များ၏ လုပ်ရပ်ကို ငြင်းပယ်ခြင်းမပြုရုံမက တရားစွဲဆိုနိုင်အောင် အထောက်ခံပေးနေသော သင့်အနေဖြင့်  ကျောက်တော်မြို့မှ (၁) ပတ်အတွင်း ထွက်ခွာသွားရမည်။ ထွက်ခွာမသွားပါက သင်၏ ကံစီမံရာအတိုင်း ဖြစ်မည်ဟု ရေးသားပါရှိသည်။

၎င်းပြင်စာထဲတွင် ၎င်း ဥပဒေအရာရှိကို ပြည်သူများက ဒဏ်ခတ်သည့် အနေဖြင့် မခေါ်မပြောနေကြရန်နှင့် စျေးရောင်းခြင်းများ မပြုလုပ်ကြဖို့ အသိပေးနိုးဆော်အပ်ပါသည်ဟု ထပ်ဆင့် ရေးသားဖော်ပြထားသည်။

သတိပေးစာ ထွက်ပေါ်သည့်အတွက် ကျောက်တော်မြို့နယ် ဥပဒေအရာရှိဖြစ်သူ ဦးဘုန်းလွင်ဦးမှာ လက်ရှိတွင် ကျောက်တော်မြို့မှ ထွက်ခွာသွားပြီဟု ဒေသအတွင်း သတင်းများ ထွက်ပေါ် နေသော်လည်း နိရဥ္စရာ သတင်းဌာနအနေဖြင့် သူထွက်ခွာသွားမှု ရှိ မရှိ အပေါ် အတည်ပြုနိုင်ခြင်းမရှိပါ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က စာကပ်သည်ဟု ကြားသိရကြောင်း၊ သို့သော်ကိုယ်တိုင် ၎င်းစာအား မမြင်ရသေးကြောင်း ၎င်းက ပြောကြားသည်။

၎င်းစာများကို ကျောက်တော်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အပါအဝင် ကျောက်တော်မြို့ အတွင်းရှိ နေရာအနှံ့အပြားတွင် ကပ်ထားကြောင်း မြောက်ဦးခရိုင် ဥပဒေရုံးမှ ပြည်နယ် ဥပဒေချုပ်ရုံးသို့ စက်တင်ဘာ ၂၆ ရက်နေ့စွဲ့ဖြင့်  ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ