စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရန်ကုန်မြို့တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၈/ ၂ဝ၁၉

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်အရပ်ဖက် အဖွဲ့အစည်းများ၏ ဖိုရမ်ကို စက်တင်ဘာ ၂၇ ရက်နေ့မှ စတင်ပြီး ၂ ရက်ကြာ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသ အတွင်း နေထိုင်လျှက်ရှိသည့် ရခိုင့်လူမှုအဖွဲ့အစည်းများ၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ လူမှုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် ၈၅ ဦး အပါဝင် တက္ကသိုလ်ကျောင်းသားများ၊ အမျိုးသမီးများ၊ စိတ်ပါဝင်စားသူလူငယ်များ စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်ကြောင်း သိရသည်။

အခမ်းအနားအား စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းမှ အဖွင့် အမှာစကားပြောကြားသည်။

ဒေါက်တာ အေးချမ်းမှ အမှာစကားပြောကြားရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ ကျယ်ပြန့်လာကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ယခင်ကနှင့်မတူဘဲ တိုးတက်ကျယ်ပြန့်လာသည်ကို တွေ့ရပါကြောင်း၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့်လည်း ရခိုင်လူထုကို ထိထိရောက်ရောက် အကျိုးပြုသည့် အရပ်ဘက် အဖွဲ့အစည်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဖိုရမ် ကျင်းပရေး အတွင်းရေးမှူး ကိုစိန်လှိုင်က “အဓိက ရခိုင့်အရပ်ဖွဲ့ ဖိုရမ် ဆိုတာက ရခိုင့်လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးကို ဆွေးနွေးတာပေါ့နော်။ ဒီပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း အနယ်နယ် အရပ်ရပ် တိုင်းနဲ့ ပြည်နယ် အသီးသီးကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေကြတဲ့ ရခိုင်သူ၊ ရခိုင်သားတွေရဲ့ စုစည်းမှုကို လိုချင်လို့ ဒီပွဲကို လုပ်တာပါ။ တခြားတိုင်းနဲ့ ပြည်နယ်တွေ တိုင်းရင်းသားတွေ စုစည်းဖို့ဆိုတာလည်း ပါတယ်ပေါ့။ အဲဒီက တစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ချိတ်ဆက်ပြီး Network တစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ် ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် ကဏ္ဍ (၈) ခုကို အဖွဲ့များခွဲပြီး ဆွေးနွေးခဲ့့ကြသည်။

ရခိုင်လူမှုရေး လှုပ်ရှားသူ ကိုထူပါက “ရခိုင်လူငယ်ရေးရာ၊ ရခိုင်အမျိုးသမီးရေးရာ၊ စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ ရခိုင့်မီဒီယာဖွဲ့ဖြိုးတိုးတက်ရေး၊ ရခိုင့်စီးပွားရေး၊ ဥပဒေရာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ စတဲ့ အချက်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။ အဖွဲ့လိုက်ခွဲပြီး ဆွေးနွေးတာပေါ့နော်။ ဒီလိုဆွေးနွေးပွဲ ပြုလုပ်လိုက်လို့ ရခိုင်ပြည်အတွက် အကျိုးပြုနိုင်တဲ့ ရလဒ်ကောင်းတစ်ခု ထွက်လာဖို့တော့ မျှော်လင့်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဖွဲ့ (၈) ဖွဲ့မှ ရရှိသော အချက်အလက်များကို ဖိုရမ်သို့ တင်ပြပြီး ၎င်းအထဲမှ သင့်တော် အချက်အလက်များကို ယူဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့အား တောင်းဆိုသင့်သည့် အကြောင်းအရာများအား တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ တစ်ချို့ ရခိုင်အသိုင်းအဝိုင်းမှ ဆောင်ရွက်နိုင်မည့် အကြောင်းအရာများကို ရေတို ရေရှည် လုပ်ငန်းများ ရေးဆွဲဆောင်ရွက်ပြီး အကောင်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။

နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တက်ရောက် အမှာစကားပြောကြားရာတွင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်နေရသော ပြသနာများအပေါ် စိတ်ပျက်ရန် မလိုဘဲ စိန်ခေါ်မှုတစ်ခု အဖြစ် ရှုမြင်သုံးသပ်ရန်လိုကြောင်း၊ စိန်ခေါ်မှုများရှိမှ တိုးတက်မှုများရှိနိုင်ကြောင်း၊ ၎င်းစိန်ခေါ်မှုများကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး အရွှေ့တစ်ခု (သို့မဟုတ်) အပြောင်းအလဲတစ်ခု ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ရွှေဂုံတိုင် ဗဟန်းမြို့နယ်ရှိ EXCEL TREASURE HOTEL ၌ စက်တင်ဘာ ၂၈ ရက် ယနေ့တွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ