Preview

ဝင်းနှင့်ဇော်အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှ ထိုင်းဘုရင်ထံ အသနားခံစာပို့မည်

အောက်တိုဘာ ၀၁/ ၂၀၁၉ | ကြည့်ရှုသူ :7666
ရခိုင် သတင်း
နီမင်းထွန်း

နိရဥ္စရာ၊ အောက်တိုဘာ ၁ / ၂၀၁၉

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ဝင်းဇော်ထွန်း နှင့်ဇော်လင်းတို့ ပြန်လွတ်မြောက်လာရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှ ထိုင်းဘုရင်ထံ အသနားခံစာပေးပို့သွားမည်ဟု သတင်းရရှိသည်။

၇ခိုင်ပြည်နယ်လွှတ်တော်မှ အသနားခံစာပေးပို့မည့်အကြောင်းကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်၏သဘောထားအား မေးမြန်းရာ ကန့်ကွက်သူမရှိထောက်ခံခဲ့ကြသည့်အတွက် အောက်တိုဘာလ တစ်ရက်နေ့တွင် ထိုင်းဘုရင်ထံပေးပို့သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အမေ ၇ခိုင်ပြည်နယ်လွှတ်တော်ကို ငိုပြီးအကူအညီလာတောင်းတယ်။ အဲဒါကိုမြင်တော့ ကျနော်စိတ်မကောင်းဖြစ်မိတယ်။ သူတို့ပြန်လွတ်မြောက်လာဖို့အတွက် အောက်တိုဘာ ၁ ရက်နေ့မှာ ထိုင်းဘုရင်ထံ အသနားခံစာပို့ပါမယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကပြောသည်။

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ပြန်လွတ်မြောက်လာရေးအတွက် ထိုင်းဘုရင်ထံအသနားခံစာပို့ပေးရန်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဦးစံကျော်လှတို့ထံ ဝင်းနှင့်ဇော်တို့၏မိသားစုဝင်များက စက်တင်ဘာလ ဒုတိယပတ်အတွင်း သွားရောက် တောင်းဆိုခဲ့ကြသည်။

" အဒေါ့်သားကို အားလုံး မြန်မာနိုင်ငံအစိုးရတွေပါ၊ အားလုံး လိုက်ပြီး ဝိုင်းပေးစေချင်တယ်။ သံရုံးအမတ်တွေ၊ အကြီးအကဲတွေ၊ အဒေါ်ကလည်း စကားလည်း သိပ် မတတ်ဘူး။ အဲလို ဝိုင်းဝန်းကူညီစေချင်ပါတယ်။ ပြည်သူလူထုစကားတစ်ခွန်းပြောတာနဲ့ ဒေါ်စုပြောတာနဲ့မတူပါ"ဟု ကိုဝင်းဇော်ထွန်း၏ မိခင် ဒေါ်မေသိန်းက နိရဥ္စရာနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောဆိုထားသည်။

ရခိုင်လူမျိုးနှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံရှိ လိပ်ကျွန်း(ခေါ်) ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထား၇သူများဖြစ်သည်။

သူတို့၏ နောက်ဆုံးအဆင့် အယူခံကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးက ပယ်ချခံခဲ့ရပြီးနောက် သူတို့နှစ်ဦး၏ပြစ်ဒဏ်နောက်ဆုံးအဆင့်အနေဖြင့် ထိုင်းဘုရင်ထံ အသနားခံစာတင်သွင်းရန်သာ ကျန်တော့ကြောင်းလည်း သိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.