ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူသီးတောင်မြို့နယ် စေတီတောင်စစ်ရှောင်စခန်းမှ ရှစ်တန်းကျောင်းသူတစ်ဦးလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1k

သိန်းဇော်(မောင်တော)
နိရဥ္စရာ၊ အောက်တိုဘာ ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်စစ်ဘေးရှောင် စခန်းတွင်ခိုလှုံနေသည့် ရှစ်တန်းကျောင်းသူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူ အမျိုးသမီးငယ်မှာ စေတီတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသူ ကွမ်းတောင်ကျေးရွာမှ မမြသဇင် (၁၄)နှစ် (ဖ) ဦးစံအေးလှဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်း ၄ နာရီခန့်တွင် နွားရုံတောင်ဘက်မှ စက်သေနတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားရပြီးနောက် စေတီတောင်ကျေးရွာ ကယ်ဆယ်ရေးစခန်း အဆောင်ထဲတွင် ရှိနေသည့် မမြသဇင်အား ကျည်စထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

အဖိုးဖြစ်သူ ဦးမောင်ကျော်က “ဘယ်သူပစ်တယ်ဆိုတာကို ကျနော်တို့လည်း အတိအကျမသိပါ။ နေအိမ်ထဲမှာ အိပ်နေတဲ့အချိန် ကျည်စလာထိတာပါ။ ဝမ်းဗိုက်မှာ ထိသွားပါတယ်။ အခုစေတီတောင် တိုက်နယ်ဆေးရုံကို ရောက်နေပါတယ်။ ဗိုက်ထဲမှာ ကျည်စရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ဓာတ်မှန်ရိုက်ရမယ်လို့ ဆရာဝန်ကပြောပါတယ်။ ဓာတ်မှန်ရိုက်ဖို့ ဘူးသီးတောင်ဖြစ်ဖြစ်၊ စစ်တွေဖြစ်ဖြစ် ယူသွားဖို့ အချိန်ကလည်း မရှိတော့ဘူး။ မိုးကလည်း ချုပ်နေပြီဆိုတော့ ဘုတ်တွေကလည်း မရှိတော့ဘူး။ ကူညီပေးနိုင်တဲ့လူတွေရှိရင် ကူညီပေးစေချင်တယ်” နိရဥ္စရာ သတင်းဌာန သို့ပြောသည်။

နွားရုံတောင်နှင့် ကွမ်းတောင်ရွာဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ လက်နက်ငယ်သံများထွက်ပေါ်လာပြီးနောက် ဂျိမ်းဟု အသံကြီးတစ်သံထွက်ပေါ်လာပြီးနောက် မမြသဇင်ကို လာရောက်ထိမှန်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒဏ်ရာမှာ ပြင်းထန်သည်ဟု သိရကြောင်း၊ ညဉ့်အချိန်ဖြစ်သဖြင့် မနက်ဖြန် အောက်တိုဘာ ၃ရက်နေ့မှာ စစ်တွေ (သို့မဟုတ်) ဘူးသီးတောင်ကို ယူဆောင်မည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို အကူအညီတောင်းထားကြောင်း ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောကြားသည်။
 
“ရွာကလူတွေ အကြောင်း ကြားလာပါတယ်။ ဒီနေ့ ညနေ ၄ နာရီခန့်မှာ စခန်းတွင်းက အိမ်တန်းလျားတွင် ရှိနေစဉ်မှာ ကွမ်းတောင်နဲ့ နွားရုံတောင်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကနေ ကျည်စထိမှန်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ အဲဒီဘက်မှာ ဒီနေ့ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ စစ်တပ်ကတော့ အဲဒီဘက်မှာရှိပါတယ်” ဟု ဦးအောင်သောင်းရွှေက ပြောကြားသည်။

စေတီတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက “ သူမ၏ ချက်အထက် ၂ လက်မအကွာ ဗိုက်ပေါ်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာမှာ ခွဲစိတ်ကုသရမည်ဟု သိရကြောင်း၊  စစ်တွေဆေးရုံကြီးသို့ ပို့ဆောင် ခွဲစိတ်ရမည်သိရကြောင်း”  ပြောကြားသည်။ 

ယခု ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စေတီတောင်ထိ လက်နက်ကြီးကျည် ကျရောက်လာသဖြင့် ဒေသခံများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ