ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၄/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာနှင့် ကျောက်တန်းကျေးရွာကြားတွင်ယနေ့နံနက် ရ နာရီကျော်ခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယမန်နေ့ညက တပ်မတော်စစ်ကြောင်းတစ်ခုက ပြိုင်းတိုင်းကျေးရွာတွင် ညအိပ် စခန်းချပြီးနောက် ယနေ့ နံနက်တွင် ၄င်းကျေးရွာမှ ထွက်ခွာသွားပြီးနောက် ၃ မိုင်ခန့်အကွာတွင် မှိုင်းပေါက်ကွဲသံများ ကြားရပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများက ပြောသည်။
ပြိုင်းတိုင်းရွာမှာ အိမ်ခြေ ၂၆၀ခန့်ရှိပြီး တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာရှိ အလယ်တန်းကျောင်းကိုလည်း ပိတ်ထားရသည်ဟု ရွာသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။
“ တိုက်ပွဲက မနက်ကတစ်ကြိမ် ဖြစ်ပွားတာပါ။ အထိအခိုက်တွေလည်း ကျွန်မတို့ မသိဘူး။ ရွာသားတွေက ကိုယ့်အိမ်ထဲမှာဘဲ ကိုယ်နေကြပါတယ်။ တောင်ယာလုပ်သူတွေလည်း တောင်မတက်ရတော့ဘူး။ ရှောင်တဲ့သူလည်း ကြောက်ပြီး ရှောင်နေကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“မနေ့ညက ကျွန်တော်တို့ရွာမှာ စစ်သားတွေ အိပ်သွားကြပါတယ်။ မနက်ကျတော့ ရွာကနေ ကျောက်တန်းဘက်ကို ထွက်သွားကြတယ်။ မီး၀ဘက်ကိုသွားကြတယ်ထင်တယ်။ ရ နာရီကျော်လောက်က မှိုင်းပေါက်သံ နှစ်ခါကြားတယ်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေလည်းကြားရပါတယ်” ဟု ပြိုင်းတိုင်းကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
၄င်းကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက
“ တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ မနက် ရ နာရီကျော်လောက်က မိုင်းပေါက်တာဟုတ်တယ်။ ရွာသားတွေထိခိုက်တာ မရှိဘူး။ AAက ထောင်တဲ့မှိုင်းကို ကို ရခိုင်လူမျိုးတွေထိပါစေလို့ဆုတောင်းရမယ်။ အဲဒါမှ ဒေသခံ ပြည်သူတွေက ဒီကောင်တွေအပေါ် စိတ်နာမှာပေါ့” ဟု နိရဥ္စရာ သတင်းဌာနအား ပြောကြားသည်။
ချင်းပြည်နယ် ပလက်၀မြို့တွင်လည်း တပ်မတော် စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော် AA ဘက်မှ မိုင်းဆွဲတိုက်ခိုက်မှု တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း ၄င်းက ဆက်လက်၍ ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့်ပက်သက်၍ ရက္ခိုင့်တပ်တော် AA မှ ခိုင်သုခအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် AA ၏သဘောထားအားတင်ပြပေးနိုင်ခြင်းမရှိခဲ့ပါ။
ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းအား ဒေသခံများထံမှ ကြားသိ၇ကြောင်း တိုက်ပွဲဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်းပြောသည်။