သိန်းဇော်(မောင်တော)၊စိုးဇံအောင်
နိရဥ္စရာ၊အောက်တို ၅/၂၀၁၉
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊စိုင်းတင်တံတားပေါ်တွင်လုံခြုံရေးယူထားသည့်တပ်ဖွဲ့နှင့် တံတားအနီးရှိ ကြာညိုပြင် စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) မှ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ညဉ့် အချိန် ၂ နာရီ မိနစ် ၄၅ ခန့် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အနီးအနားရှိ ဒေသခံရွာသားများက ပြောကြားသည်။
“ သေနတ်သံတွေကြားတာက နံနက်အစောကြီး ညဉ့် ၂ နာရီ ၄၅ မိနစ် လောက်မှ စကြားရပါတယ်။ တစ်နာရီလောက်ထိ ကြာပါတယ်။ အေအေကနေ ကြာညိုပြင်ဘက်ကလည်း ဝင်ပစ်တယ်။ တံတားအရှေ့ဘက်က တံတားပေါ်မှာရှိနေတဲ့ တပ်ဖွဲ့ကိုလည်း ဝင်ပစ်ပါတယ်။ နှစ်ဘက်ညှပ်ပြီး ဝင်ပစ်ပါတယ်။ အဲဒီတံတားပေါ်မှာ စစ်တပ်နဲ့နယ်ခြားစောင့်ရဲက နေရာယူထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က ကြောက်ပြီး ထွက်ပြေးနေကြရပါတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။
လက်ရှိ အချိန်ထိ ၎င်းပတ်ဝန်းကျင်အနီးအနားတွင် သွားလာခွင့်များကို ပိတ်ထားပြီး စိုင်းတင်တံတားကိုလည်း အသွားအလာပိတ်ထားသည်ဟု သိရသည်။
အနီးအနားရှိ သရက်ပြင်ကျေးရွာသားများလည်း ကြောက်လန့်ပြီး နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု ၎င်းရွာသားက ပြောကြားသည်။
၎င်းတိုက်ပွဲ ဖြစ်ပွားသော နေရာမှာ ဘူးသီးတောင်မြို့နှင့် ၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် စိုင်းတင်တံတားတွင် တပ်မတော်က လုံခြုံရေးဆောင်ရွက်နေစဉ် တံတား၏ မြောက်ဘက် သရက်ပြင်ကျေးရွာဘက်မှ ဗုံးပစ်လောင်ချာ( ၄၀) မမ နှင့် လှမ်းပစ်ရာ နှစ်ဘက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နိရဥ္စရာသို့ပြောသည်။
“စိုင်းတင်တံတားရဲ့ မြောက်ဘက်မှာ သရက်ပြင် ကျေးရွာဆိုတာ ရှိတယ်။အဲဒီသရက်ပြင်ဘက်ကနေ ကျွန်တော်တို့ စိုင်းတင်တံတားမှာ လုံခြုံရေးပြုလုပ်နေတာရှိတယ်။အဲဒီကမှ စိုင်းတင်တံတားမှာ လုံခြုံရေးလုပ်နေတဲ့ ရဲလည်းရှိ တယ်။ကျွန်တော်တို့ တပ်ကအဖွဲ့တွေလည်း ရှိတယ်။အဲဒါကို ၄၀ မမ နဲ့ ဗုံးပစ်လောင်ချာနဲ့ လှမ်းပစ်တာ။သူတို့က လာပစ်တာ။ညဉ့် ၃ နာရီထိုးမှာ။ အဲဒီမှာ ကျွန်တော်တို့က ပြန်ပစ်တာ”ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ညဉ့် ၂ နာရီမှ ၃ နာရီအထိ ကြားခဲ့ရကြောင်း ဘူးသီးတောင် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက နိရဥ္စရာသို့ပြောသည်။
“ညဉ့်ခါက လက်နက်ကြီးပစ်သံတွေ ကြားလိုက်တယ်။အသံကြား၇တာက ညဉ့် ၂ နာရီလောက်က စပြီးကြား၇တယ်။ ၃ နာရီကျော်လောက်မှာတော့ တန့်သွားတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။
အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းကလည်း တပ်မတော်မှ စခန်းချထားသည့် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများကြားရပြီး ယင်းရွာရှိ နေအိမ်တစ်လုံး မီးလောင်ပျက် စီးခဲ့သည်ဟု သိရှိ၇ပါသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကွမ်းတောင်ကျေးရွာတွင် အိမ်ခုနှစ်ဆောင်၊ ရှစ်ဆောင်ခန့် မီးရှို့ဖျက်ဆီးခံခဲ့၇သည်။