ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၅ / ၂၀၁၉
ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ဒိုင်းသားကျေးရွာအနီး ယနေ့ နံနက် ၁၀ နာရီခန့်က စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့ အကြား တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေခဲ့သည်ဟု သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှာ ဒိုင်းသားကျေးရွာနှင့် ၂ မိုင်အကွာရှိ တောင်တန်းများအကြားတွင်ဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံကို မကြာခဏကြားနေရကြောင်း ဒိုင်းသားကျေးရွာသား ဦးသာထွန်းဦးက နိရဥ္စရာသို့ ပြောသည်။
“လက်နက်ကြီးရော၊ လက်နက်ငယ်ရော အသံတွေကြားနေရတာပါ။ ပစ်သံကတော့ ဆူညံနေတာပေါ့နော်။ ဘယ်ဘက်က ဘယ်ဘက်ကို ပစ်တာလဲ ကျွန်တော်လည်း မခန့်မှန်းတတ်ပါဘူး။ အခုတော့ မိနစ်အနည်း ငယ်ကြာရင် ခဏတဖြုတ်စီကြားနေ၇ပါတယ်။”ဟု ဦးသာထွန်းဦးကပြောသည်။
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီ ၁၃ မိနစ်အချိန်က ဆက်သွယ်မေးမြန်းမှုအရ လက်နက်အသံများမှာ မရပ်သေးကြောင်း ဦးသာထွန်းဦးထံမှ သိရသည်။
“အသံက အမျိုးမျိုးကြားပါတယ်။ကျွန်တော်တို့ ရွှေကျင်ရွာနဲ့ဆို တိုက်ပွဲဖြစ်တဲ့နေရာက မြောက်ဘက်ကျတယ်။ ၃ မိုင်ကျော်လောက်ရှိတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံရောပါပဲ ”ဟု မင်းပြားမြို့နယ် ထိန်ပင်အုပ်စု အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ အဲဒီဘက်အခြမ်းမှာ။ အခုမှ ဖြစ်တာမဟုတ်ပါဘူး။ အေအေကို အပြုတ်တိုက်ဖို့ နေ့တိုင်းထားထားတာ” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA)ဘက်က တုံ့ပြန်ပြောဆိုချက်ကို တင်ပြနိုင်ရန် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိသေးပါ။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့ကလည်း အဆိုပါ ဒိုင်းသားကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။