Preview

တိုက်ပွဲကြောင့်ကျောက်တန်းရွာသားတို့ ထပ်မံထွက်ပြေးနေကြရ

အောက်တိုဘာ ၀၆/ ၂၀၁၉ | ကြည့်ရှုသူ :8797
ရခိုင် သတင်း

သိန်းဇော်(မောင်တော)၊ ချစ်အိလှိုင်
စစ်တွေ၊ အောက်တိုဘာ ၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ကျောက်တန်းရွာသားများသည် ယမန်နေ့ နေ့လယ်ပိုင်းက ရွာအနီးအနားရှိ ထီးစွဲရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ယနေ့ထိ အိမ်မပြန်နိုင်သေးဟု ရွာသားများက ပြောကြားသည်။

အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် ၁နာရီခန့်က မေယုမြစ် အရှေ့ဘက်ကမ်း ထီးစွဲအနီး ကျောက်တန်းချောင်း၀၌ တပ်မတော်ရေတပ်သင်္ဘောတစ်စီး ဆိပ်ကပ်စဉ် ပေါက်ကွဲသံ ၅ ခု ထွက်ပေါ်လာပြီးနောက် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ကျောက်တန်းရွာသားတို့သည် ရွာကိုစွန့်ခွာထွက်ပြေးခဲ့ကြရသည်။

“ ကျွန်မတို့က ပေါက်ကွဲသံတွေကြားတယ်။ သေနတ်ပစ်ခတ်သံတွေလည်း ထီးစွဲရွာဘက်က ကြားရတော့ ကြောက်ပြီး ထွက်ပြေးကြရပါတယ်။ ထွက်ပြေးကြတာကတော့ တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့ ပိုဝေးတဲ့ ရေပုတ်၊ လိုင်ဂွင်၊ ဆောက်ခတ်ရွာ ဘက်ကို ထွက်ပြေးကြပါတယ်။ တစ်ရွာလုံးထွက်ပြေးကြရပါတယ်။ တိုက်ပွဲဖြစ်ရင် အရင်လို ဖြစ်မလားဆိုပြီး ကြောက်ပြီး ထွက်ပြေးကြပါတယ်။ အခုထိ ရွာမပြန်နိုင်သေးပါဘူး” ဟု ကျောက်တန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ထွက်ပြေးရာတွင် ကျောက်တန်းရွာ တစ်ရွာတည်း မဟုတ်ဘဲ အနီးအနားရှိ ထီးစွဲ၊ အောင်သာစည် ကျေးရွာသားများလည်း ပါဝင်ကြောင်း၊ စစ်တပ်မှာ ထီးစွဲရွာတွင် ဆက်လက်ရှိနေဆဲဖြစ်သဖြင့် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာကို မပြန်နိုင်သေးခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောကြားသည်။

ထီးစွဲကျေးရွာအနီးတွင် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အောက်တိုဘာ ၅ ရက် နေ့လယ်က ၁၀ မိနစ်ခန့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ထီးစွဲရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ နေ့လယ် နာရီလောက်က ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်လို့ ထီးစွဲရွာသားတွေ ထွက်ပြေးလာကြလို့ ရသေ့တောင်မြို့ ထက်မှာ တစ်ဝက် သောင်းဒြားရွာမှာ တစ်ဝက်ရောက်နေကြပါတယ်။ ထီးစွဲရွာထဲမှာ ဘုန်းတော်ကြီးတစ်ပါးဘဲ ကျန်ရှိနေခဲ့တယ်။ အခုရွာထဲမှာ စစ်တပ်တွေရှိနေတယ်လို့လည်း လူတွေက ပြောပါတယ်” ဟု ၎င်းဒေသခံ ရွာသားက ပြောသည်။

၎င်းပြင်သူက “ထီးစွဲတံတားအနီးမှာ နေဗီကပ်တယ်။ နေဗီကပ်တာနဲ့ အဲ့ဒီနားမှာပေါက်သံတွေထွက်လာပါတယ်။ မိုင်းပေါက်တာလား၊ လက်နက်ကြီးပစ်တာလား၊ ဘာပေါက်တာလည်းဆိုတာကို ကျွန်တော်တို့ မသိဘူး။ အကြီးကြီး ငါးချက်ပေါက်ပါတယ်။  အဲဒါကြောင်း ရွာကလူတွေအကုန်လုံး ကြောက်လို့ထွက်ပြေးကြတာပါ” ဟု ဆိုသည်။

ရွာလုံးကျွတ် ထွက်ပြေးနေရသည့် ကျောက်တန်းရွာသည် အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၁၀၀၀ကျော်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်ပြီး ယခုနှစ် မေ ၂ ရက်နေ့ အစောကြီး ညဉ့်အချိန်တွင် စစ်တပ်က ရွာသား ၂၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေစဉ်  ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၈ ဦး သေဆုံးပြီး ရ ဦး ဒဏ်ရာ၇ကာ ၆ ဦးမှာ ဖမ်းဆီးခံရပြီး အမှုကို ရင်ဆိုင်နေ၇သည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.