ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခဲ့သည့် မြေပုံမြို့နယ်မှ ရွာသားသုံးဦး ပြန်လွှတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

ချစ်အိလှိုင်၊ဆောင်းဇာခြည်

နိရဥ္စရာ၊အောက်တိုဘာ ၈/၂ဝ၁၉

အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီ ခွဲအချိန်က ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မိကျောင်းတက်ကျေးရွာမှ ဖမ်းဆီး စစ်ဆေးခံခဲ့ရသည့် ကျေးရွာသား ၃ ဦးသည် ညနေပိုင်းတွင် ပြန်လွှတ်လာသည်ဟု သတင်းရရှိသည်။

၎င်းတို့ သုံးဦးမှာ ဦးမောင်စိုးချေ (၃၄)နှစ်၊ ကိုမောင်မောင်ထွန်း (၂၈)နှစ်နှင့် ဦးကျော်ကျော်နိုင်(၃၁)နှစ်တို့ ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ နံနက်က မိကျောင်းတက်ကျေးရွာမြောက်ဘက်သို့ တပ်မတော်စစ်ကြောင်း တစ်ခု ရောက်ရှိလာပြီး ယင်းကျေးရွာသားများအား ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု မိကျောင်းတက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှမောင်က ထံမှ သိရသည်။

၎င်းတို့ သုံးဦးအား ယင်းနေ့ ညနေ ၆ နာရီခွဲက ပြန်လွှတ်ပေးခဲ့ကြောင်း၊စစ်ဆေးမေးမြန်းရာတွင် ရိုက်နှက် ညှဉ်းပန်းမှုများ ရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းလှမောင်က ပြောသည်။

“ကျွန်တော်လည်း ရွာကလူတွေကို ဖမ်းထားတယ်ဆိုလို့ အဲဒီတပ်နေရာကိုလိုက်သွားပါတယ်။ ဗိုလ်ကြီးဆိုတဲ့လူကို မေးကြည့်တော့ ပြန်လွှတ်ပေးမယ်လို့ပြောပါတယ်။ ညနေဘက် သူတို့လွှတ်လာတော့ စစ်ဆေးတယ်၊ ရိုက်တယ် ပြောပါတယ်။ နှာခေါင်းတွေ ရောင်ပြီး မျက်နှာတွေမှာ ဒဏ်ရာနည်းနည်းစီ ရလာကြတယ်။ ရွာသားတွေလည်း ကြောက်ရွံ့နေကြတယ်” ဟု မိကျောင်းတက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှမောင်ကပြောသည်။

ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ကိုမောင်မောင်ထွန်းကလည်း“ကျွန်တော်က ကျွဲအငှားကျောင်းပါတယ်။ မနေ့က ကားလမ်းမ ဘက်အတိုင်းကျွဲတွေ အဲဒီဘက်သွားတယ် ထင်ပြီး လိုက်ရှာတာပါ။ အဲဒီမှာ စခန်းချနေတဲ့တပ်မတော်က ဖမ်းတာပါ။ ကြိုးတုပ်ပါတယ်။ ကျွန်တော့ မျက်နှာကို အုပ်ထားပါတယ်။ ပြီးတော့ရိုက်ပါတယ်။ ဓားတွေနဲ့လည်း ရွယ်ထားပါတယ်။ ဒီလူတွေကိုသိလားဆိုပြီး လူစာရင်းတစ်ခုပြပါတယ်။ကျွန်တော်လည်း သိပါတယ်လို့ဖြေပါတယ်။ သူတို့က AAကို ရိက္ခာထောက်ပံ့ နေတာမဟုတ်လားဆိုတော့ ကျွန်တော့ကို ထပ်အရိုက်ခံရမှာစိုးလို့ ဟုတ်ပါတယ်လို့ ဖြေခဲ့ပါတယ်”ဟု နိရဥ္စရာ သို့ပြောသည်။

ယင်းကိစ္စနှင့်ပက်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှုးကြီးဝင်းဇော်ဦးက” အဲဒါကတော့ ဖြတ်သွားဖြတ်လာ စစ်ဆေးတာပါဗျာ။  ကျွန်တော်တို့တပ်တွေက ဒီရွာမှာ AA ရှိလား ဘာညာလောက်တော့ မေးကြမှာပဲ။ ရိုက်တာ နှက်တာတွေ မရှိပါဘူးဗျာ။ ကျွန်တော်အာမခံတယ်။ တစ်ခုတော့ရှိတာပေါ့ ရွာသားတွေက ကျွန်တော်တို့ဝယ်ရင် ဘာမှ မရောင်းကြတော့ ပါးစပ်ကပြောတာ အော်တာလောက်တော့ရှိမှာပေါ့”ဟု ပြောဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးရိုက်နှက်ခံရသဖြင့် ကျေးရွာသားများ အနေဖြင့် အထူးစိုးရိမ် ထိတ်လန့်နေကြသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ