မြောက်ဦးလက္ကာရွာသား ၂၂ ဦးကို စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်


နီမင်းထွန်း
နိရဥ္စရာ ၊ အောက်တိုဘာ ၈/၂ဝ၁၉

၆လနီးပါးကြာ ထောင်ထဲရောက်နေသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၂ ဦးကို ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သတင်းရရှိသည်။
 
အဆိုပါ အမှုအားလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက "ဒီနေ့လည်း ဘာမှထူးခြားမှုမရှိသေးဘူး။ ဒီအမှုမှာက တရားခံပြေးတစ်ရာကျော် ပါတဲ့ထဲ ၂ဝကျော်ကျန်သေးတယ်။ တရားခံပြေးအမှုကို စစ်ဆေးလို့မပြီးသေးတော့ ရာဇဝတ်ကြီးအမှုကိုမစစ်ရသေးဘူး။"ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။
 
အဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာသား ၂၂ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(က) ၊ ၅ဝ(စျ)၊ ၅၂ (က)၊ ၅၄နှင့် လက်နက် အရေးပေါ်စီမံမှု ယာယီအက်ဥပဒေ ၁(က) ၊ ၂ တို့ဖြင့် တရားစွဲဆိုထားပြီး ၄င်းတရားစွဲခံထားရသူများ အထဲမှ တချို့မှာ အမှုနှစ်ခုဖြင့် ရင်ဆိုင်နေရပြီး တချို့မှာ အမှုတခုဖြင့်ရင်ဆိုင်နေရသည်ဟု သိရသည်။
 
အိမ်ရှင်ဖမ်းဆီးခံရသူ မချိုချိုသန်းက "သူတို့ကို ဖမ်းထားတာ ၆ လပြည့်တော့မယ်။အိမ်ရှင်ကလည်း နေမကောင်း ဖြစ်နေတယ်ပြောတယ်။ ကျမ အခု သားတစ်ယောက်နဲ့ ဒုက္ခတွေအများကြီးရောက်နေပါတယ်။ အမြန်ဆုံး ပြန်လွှတ် ပေးစေချင်ပါတယ်။" ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။
 
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ဝလ နီးပါးကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း AAနှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ၁၃ဝ ခန့်ရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ထံမှသိရသည်။


Share: