Preview

တိုက်ပွဲကြားပိတ်မိနေသည့်သရက်ပြင်ကျေးရွာသား ၁၁ ဦးကို MRCS ကယ်ထုတ်

အောက်တိုဘာ ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :1418
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၈/၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ တိုက်ပွဲကြားထဲ ပိတ်မိနေသည့် ကျေးရွာသား ၁၁ ဦးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS က ဘူးသီးတောင်မြို့ပေါ်သို့ ယနေ့ကယ်ထုတ်ခဲ့သည်ဟု သတင်းရရှိသည်။

အောက်တိုဘာလ ၅ရက်နေ့ နံနက်အစောကြီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သရက်ပြင်ကျေးရွာသားများသည် အနီးမှ ရေချမ်းပြင် မူဆလင်ရွာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ပြီး ထမင်းချက်စားရန် ပြန်လာစဉ် ကျေးရွာအတွင်း စစ်တပ်နှင့်တွေ့ကာ ၂ရက်အကြာ ပိတ်ထားခံခဲ့ရသည်ဟု သရက်ပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သရက်ပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တဲ့နေ့က ကျမတို့ရွာသားတွေ  ရေချမ်းပြင်ရွာကို ထွက်ပြေးနေခဲ့ပါတယ်။ အဲဒီ ရွာမှာ ၂ ည အိပ်ပြီး ထမင်းချက်စားဖို့ ရွာကိုပြန်လာတဲ့အချိန်မှာ ရွာထဲမှာ စစ်တပ်နဲ့ တွေ့ပါတယ်။  စစ်တပ်နဲ့တွေ့တော့ ကြောက်ပြီး ပြန်ထွက်သွားဖို့လုပ်တော့ စစ်တပ်က ထွက်သွားခွင့်မပေးဘူး။ ရွာထဲမှာ နေခိုင်းပါတယ်” ဟု ပြောသည်။

ထိုသို့ကျေးရွာအတွင်း  ပိတ်မိနေခဲ့စဉ် ချက်ပြုတ်စားသောက်ရန် လွန်စွာအခက်အခဲများနှင့် ကြုံခဲ့ရကြောင်း၊ သွားခွင့်လာခွင့်မရ။ ရေချိုး၊ အလေးအပေါ့၊သွားလာခွင့်ကအစ အခက်အခဲ ကြုံခဲ့၇ကြောင်း၊  သွားခွင့်မပေးဘဲ ၂ရက်ကြာ ပိတ်ထားခံခဲ့ရစဉ် လွန်စွာကြောက်လန့်ပြီး စိုးရိမ် ခဲ့ရကြောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသူများက ပြောသည်။

 “ရွာမှာ ပိတ်မိနေခဲ့တဲ့လူက အားလုံး ၁၂ ယောက်ပါ။ ၁၂ ယောက်ထဲမှ ကျမတို့ ၁၁ ယောက်ကို ဒီနေ့ ကြက်ခြေနီ အဖွဲ့ကလာထုတ်ပါတယ်။ နောက်တစ်ယောက်က ကုလားရွာထဲမှာ ကျန်ခဲ့တယ်။ အခုကျမတို့  ဘူးသီးတောင် လမ်းမ ဘုန်းတော်ကြီးကျောင်းက စစ်ရှောင်ကယ်ဆယ်ရေး စခန်းရောက်နေပါပြီ”ဟု ၄င်းအမျိုးသမီးက ပြောသည်။

လမ်းမဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ နေ့လယ် ၁နာရီခန့်က ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အ ကြားတိုက်ပွဲ ဖြစ်ပွားမှုကြောင့် လမ်းမ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ ထွက်ပြေးရောက်ရှိနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စုပေါင်းမှာ လက်ရှိတွင် (၁၇၃)စု ရှိပြီး  ကျား ၃၁၈ဦး၊ မ ၃၇၄ဦး၊ လူဦးရေ စုစုပေါင်း ၆၉၂ ဦးရှိကြောင်း လမ်းမဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးဇော်ဇော်လှိုင်က ပြောသည်။

နောက်ထပ်လည်း  စစ်ဘေးရှောင်များ ရောက်လာကြမည်ဟု သိ၇ကြောင်း ၎င်းက ပြောကြားသည်။ 

ဓာတ်ပုံ- Kyawmyint Wai Kmw Facebook

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.