သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တန်းရွာတိုက်ပွဲအတွင်း အသက် ၁၇ နှစ်အရွယ် နာမကျန်းဖြစ်သူ လူငယ်တစ်ဦးထပ်မံသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အသက် ၁၇ နှစ်အရွယ် နာမကျန်းဖြစ်နေသော လူငယ်တစ်ဦး ထပ်မံသေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူ လူငယ်မှာ အောင်နိုင် (၁၇) နှစ်(ဘ) ဦးဦးသိန်းလှ ဖြစ်ကြောင်း သိရသည်

“ သူက နေမကောင်းဖြစ်နေတဲ့ အတွက် မသွားနိုင်၊ မလာနိုင်ဖြစ်နေတာ ကြာပါပြီ။ ကျောက်တန်းကယ်ဆယ်ရေး စခန်းမှာ နေပါတယ်။ သူ့မှာ အဖေရယ်၊ အစ်မရယ်ပဲ ရှိပါတယ်။ အမေက ဆုံးသွားတာ ကြာပါပြီ။ အစ်မဖြစ်သူ ဒေါ်မဲမတို့ကလည်း ရွာက ထွက်ပြေးတဲ့အခါ မသွားနိုင် မလာနိုင် ဖြစ်နေတဲ့ သူ့မောင်ကို မယူနိုင်ခဲ့ဘူး။ အခု သတင်းရတာက ကျည်ဆံထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ကျောက်တန်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ယခုလို သေဆုံးခြင်းကို ရွာထဲတွင် ကျန်နေခဲ့သူများ၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ၎င်းက ပြောကြားသည်။ 

သေဆုံးသူ ကိုအောင်နိုင်မှာ ကျန်းမာရေး ချို့ယွင်းနေသဖြင့် စကားလည်း မပြောနိုင်ကြောင်း၊ အလောင်းမှာ သေဆုံးသည့် နေရာအတိုင်းရှိနေသည်ဟု သိရကြောင်း ၎င်းအမျိုးသမီးက ပြောကြားသည်။

ကျောက်တန်းကျေးရွာအနီးတွင် အောက်တိုဘာလ ၈ ရက် နံနက်ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး ညဉ့်အချိန်တွင် ကျောက်တန်းကျေးရွာတွင် တပ်ချနေသော  တပ်မတော် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ တိုက်ပွဲက မနေ့က ည ၉ နာရီ ၁ဝ နာရီကနေ စပြီးဖြစ်တယ်။ တစ်ညဉ့်လုံးဖြစ်နေပါတယ်။ ပထမ ကျောက်တန်း ရွာနားက တောင်ကုန်းမှာ ဖြစ်တယ်။ ပီးရင် ဘုရားစေတီအနီးမှာ ဖြစ်တယ်။ အခု ရွာထဲ စာသင်ကျောင်းကနေ ပစ်ခတ်သံတွေကို ကြားနေရပါတယ်။ ရွာထဲကလည်း ပစ်နေတာကို ကြားနေရပါတယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး” ဟု ကျောက်တန်းကျေးရွာသား တစ်ဦးက ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မနေ့ ညဉ့် ၉ နာရီကျော်ကတည်း ကြားနေရပြီး ယနေ့ အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီကျော်ထိ ကြားနေရသည်ဟု ရွာသားများက ပြောကြားသည်။

မနေ့က သေဆုံးသွားခဲ့သည့် ဒေါ်စံဝင်းဖြူမှာ ဘုန်းကြီးကျောင်းသို့ ရွှေ့ထားပြီးမှ ကြောက်လန့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် သင်္ဂြိုလ်ရန် အခက်အခဲရှိနေကြာင်း သိရသည်။

၎င်းနယ်မြေနှင့် သက်ဆိုင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ကျွန်တော်တို့ သတင်းရတာ အမျိုးသမီးကြီး တစ်ဦးသေတယ်။ နောက်ကလေးတစ်ယောက်တော့ ဒဏ်ရာရတယ်လို့ ကြားနေရတယ်။ အခု သေဆုံးသူတွေကို တိုက်ပွဲ ဖြစ်နေတဲ့ အတွက် သင်္ဂြိုလ်ဖို့ အခက်အခဲဖြစ်နေတယ်။ တိုက်ပွဲက အခုထက်ထိ ဖြစ်နေတော့ ဘယ်သူမှ ကျောက်တန်းရွာကို မသွားရဲဘူး။ ICRC ကိုတော့ အကြောင်းကြားထားပြီးပြီ။ ရသေ့တောင်မြို့ပေါ်ကလည်း တိုက်ပွဲရပ်သွားရင် အလောင်းတွေကို သွားယူမယ့်သူတွေတော့ရှိတယ်။ အခုလို တိုက်ပွဲ ဖြစ်နေတဲ့ အခြေအနေမျိုးနဲ့ဆိုရင်တော့ သွားလို့ရမှာ မဟုတ်ဘူး။ တိုက်ပွဲရပ်ရင်တော့ အလောင်းတွေကို ယူပြီး ရသေ့တောင်မှာ သင်္ဂြိုလ်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ