အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မြေပုံစစ်ဘေးရှောင်စခန်းနှစ်ခုကို သွားရောက်ကူညီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

စိုးဇံအောင်

နိရဥ္စရာ၊အောက်တိုဘာ ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့သည် မြေပုံမြို့ပေါ်မှ စစ်ရှောင်စခန်းနှစ်ခုသို့ အောက်တိုဘာ ၁ဝ ရက်နေ့က သွားရောက်ပြီး ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များသည် မြေပုံမြို့ တောင်ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် မြို့မကုသိနာရုံ ကျောင်းတိုက်သို့ သွားရောက်ပြီး စစ်ဘေးရှောင်များနှင့် တွေ့ဆုံကာ  စစ်ရှောင်စခန်းတစ်ခုစီကို ၅ သိန်းကျပ်စီ ကူညီထောက်ပံ့ခဲ့ကြောင်း မြေပုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဥ္စရာသို့ ပြောသည်။

“သူတို့ မနေ့ကတည်းရောက်ပါတယ်။ဒါပေမယ့် မနေ့က တစ်ရက်နားလိုက်တယ်။ မနေ့က့တော့ စစ်ရှောင်စခန်း တွေရှိတဲ့ မြို့ပေါ်က မြို့မကျောင်းတွေဖြစ်တဲ့ ကုသိနာရုံကျောင်းရယ်။တောင်ကျောင်းရယ်။အဲဒီကျောင်းနှစ် ကျောင်းမှာရှိတဲ့ စစ်ရှောင်စခန်း ယာယီလုပ်ထားတဲ့ ကျောင်းနှစ်ကျောင်းသွားပြီးတော့ အဲဒီမှာ စစ်ဘေးရှောင် ရွာသူရွာသားတွေနဲ့ တွေ့ပါတယ်။သူတို့ကို ပြည်နယ်လွှတ်တော် ရန်ပုံငွေထဲမှ  အလှူငွေ ဆယ်သိန်းခန့် သူတို့က ကူညီပါတယ်”ဟု ဦးဖေသန်းက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်များနှင့် သွားရောက်တွေ့ဆုံရာတွင်  ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုဥက္ကဋ္ဌ ဦးမြသန်း၊မြောက်ဦးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်၊ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ ပါဝင်ကြသည်။

၎င်းတို့သည် အောက်တိုဘာလ ၉ ရက်နေ့နံနက်က မြေပုံမြို့သို့ ရောက်ရှိလာခဲ့သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက”သူတို့ကတော့ အခက်အခဲသိပ်မရှိဘူး။ ဘာလို့လည်းဆိုရင် အဲဒီမှာ လူလည်း အခု တော်တော်နည်းသွားပါပြီ။ အရင်တုန်းကတော့ အခက်အခဲတွေ ရှိတယ်။ ခုက ပြန်သွားတဲ့ လူတွေများတဲ့အတွက် အခက်အခဲနည်းတယ်။ ဒါပေမယ့် အဲဒီဘက်မှာကျရင် ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျန်းမာရေးကို ကုသပေးတဲ့ ဆရာ၊ဆရာမတွေတော့ မရှိဘူး။တစ်စုံတစ်ခုဖြစ်လာရင် အခက်အခဲ ရှိလာနိုင်တယ်”ဟု နိရဥ္စရာသို့ပြောသည်။

ထိုသို့ မြေပုံမြို့ပေါ် စစ်ဘေးရှောင်များနှင့် တွေ့ဆုံပြီး အောက်တိုဘာ ၁ဝ ရက် ညနေပိုင်းတွင် မင်းပြားမြို့မှ စစ်ရှောင်များနှင့် သွားရောက်တွေ့ဆုံနေကြောင်းလည်း ၄င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးရသူ စစ်ဘေးရှောင် ဦးရေ ၆၄၉၅၁ ဦးရှိနေသည်ဟု စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန် လိုက်သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး(REC)၏ ရခိုင်စစ်ဘေးရှောင် အရေအတွက်ပြ စာရင်းအရ သိရသည်။

ယင်းအထဲတွင် စစ်ရှောင်စခန်းတွင်း ခိုလှုံနေသူ ၂၁၇၃၇ ဦးနှင့် စစ်ရှောင်စခန်းပြင်ပနှင့် နီးစပ်ရာ ကျေးရွာများတွင် နေထိုင်သူ ၄၃၂၂ဝ ဦးရှိကြောင်း (REC)၏ ရခိုင်စစ်ဘေးရှောင် အရေအတွက်ပြစာရင်းချုပ်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်တစ်ဦးစီအတွက် တစ်ရက်ကို ၃ဝဝ ကျပ်ခန့် ရခိုင်ပြည်နယ် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးကြောင်း သိရသည်။

သို့သော်လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှအပ ကျန်သည့်  နိုင်ငံတကာ NGO များကို ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအား သွားရောက်ကူညီထောက်ပံ့ခွင့်ကို ရခိုင်ပြည်နယ်အစိုးရ က ပိတ်ပင်ထားကြောင်း သိရသည်။


ဆက်စပ် သတင်းများ