ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/၂၀၁၉
ရခိုင်ပြည်နယ်တွင် ယခုနှစ် စိုက်ပျိုးရာသီတွင် လယ်ဧက ၂ သိန်းကျော် မစိုက်ပျိုးနိုင်ခဲ့သော်လည်း ရိက္ခာပြတ်လပ်မှု ကြုံတွေ့ရနိုင် ဖွယ်မရှိဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်လွှင်က ပြောသည်။
“ ကျနော်တို့ ၂၀၁၂ မတိုင်ခင် ကတော့ ကျနော်တို့ ၇ခိုင်မှာ စပါးစိုက်ဧက ပေါင်း ၁၂သိန်းကျော်ရှိပါတယ်။ ဒီနှစ်စာရင်းအရဆိုရင် ၁၀သိန်း ပတ်ဝန်းကျင်လောက် ကျနော်တို့ စိုက်နိုင်ပါတယ်။ အဓိက ကတော့ ဘူးသီးတောင်ရယ်၊ မောင်တောရယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ တိုက်ပွဲရှောင်မြို့နယ်တွေက နေရာတွေမှာ အဓိက လျော့ခြင်းဖြစ်ပါတယ်။ ဓိက ပါတာက ဘူးသီးတောင်ပါမယ်၊ မောင်တောပါမယ်၊ ကျောက်တော်ပါမယ်။ နောက်ဒီဘက်က မင်းပြား၊ ပုဏ္ဏားကျွန်းက တချို့တစ်ဝက် ပါပါ့မယ် ” ဟု ဝန်ကြီးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧက လျော့ကျသွားသဖြင့် နောက်နှစ်မိုးတွင်းကာလတွင် ရိက္ခာတွေပြတ်လပ်မှုများနှင့် ကြုံတွေ့ရနိုင်ပါသလားဟု မေးမြန်းရာ ဝန်ကြီးက “ ကျနော်တို့ ရခိုင်ပြည်နယ် လူဦးရေနဲ့ စပါးစိုက်ဧကနဲ့ကတော့ ရိက္ခာကတော့ ဘယ်လို့မှပြတ်လပ်မှုမဖြစ်နိုင်ပါဘူးခင်ဗျာ” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းမှ စပါးစိုက်ဧက လျော့နည်းမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့လာနိုင်မည့် အနေအထားတွင် ရှိကြောင်း အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
“ နယ်လုံဝန်ကြီး ပြောတာကတော့ ကျနော်တရားဝင်တော့ ကျနော့်နားနဲ့ မကြားမိဘူးပေါ့လေ။ ကျနော်စိုက်ပျိုးရေး ကိုကိုင်ထားတဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ကတော့ ရခိုင်ပြည်နယ်ရဲ့ စပါးအထွက်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူဦးရေနဲ့ ဘယ်လိုမှ ကျနော်တို့ ဒီဘက် ဆန်စပါး အတွက် စိုးရိမ်စရာ မရှိပါဘူး” ဟု ပြောကြားသည်။
၎င်းပြင် ဝန်ကြီးဦးကျော်လွှင်က စပါးစိုက်ဧက လျော့ကျသွားသဖြင့် အထွက်နှုန်းကျနိုင်သော်လည်း ရိက္ခာပြတ်လပ်မှုထိ မရှိနိုင်ကြောင်း ပြောဆိုသည်။
“ ကျနော်တို့ အစိုးရအဖွဲ့မှာကတော့ သီးသန့်ရန်ပုံငွေတွေရှိတယ်။ နောက်ကျနော်တို့မှာ ဆန်စပါးတွေလည်း ကျနော်တို့မှာ အဆင်အသင့် ကျနော်တို့မှာရှိပါတယ် ခင်ဗျာ။ အဓိက ကတော့ ကျနော်တို့ရခိုင်ပြည်သူတွေကို ဒီနှစ်စားရေး သောက်ရေးနဲ့ ပတ်သတ်လို့ကတော့ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ကျနော်တို့ရခိုင်ပြည်နယ်မှာ ဒါတွေဟာ လုံလုံလောက်လောက်ရှိပါတယ်။ ဒါတွေကို ကျနော်ပြောချင်ပါတယ်ခင်ဗျာ” ဟု ပြောဆိုသည်။