Preview

တောဆင်ရိုင်းများ ဝင်စားမှုကြောင့် ရသေ့တောင်မယူကမ်းတွင် စပါးစိုက်ဧကရာနှင့်ချီပြီးပျက်စီး

အောက်တိုဘာ ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :1745
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ ချွတ်ပြင်၊ သိမ်တောင်နှင့် အထက်နန်းရာအုပ်စုတွင် စပါးခင်းများကို ညဉ့်အချိန် တောဆင်ရိုင်းများဝင်စားမှုကြောင့် စပါးစိုက်ဧက ရာနှင့်ချီပြီး ပျက်စီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ချွတ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြက “ ဆင်တွေက အုပ်လိုက်ဝင်စားကြတာ။ တစ်အုပ်မှာ ခုနှစ်ကောင်၊ ရှစ်ကောင်ပါတဲ့ အုပ်တွေလည်း ရှိတယ်။ လေးငါးကောင်ပါတဲ့ ဆင်အုပ်တွေလည်းရှိတယ်။ ညဉ့်ဆိုရင် မေယူတောင်ထဲက ထွက်လာပြီး တောင်ခြေရင်းက စပါးတွေကို ဆင်းစားကြတာ” ဟု ပြောကြားသည်။

မေယူတောင်ခြေရင်းတစ်လျှောက်ရှိ ကျေးရွာသားများ စိုက်ပျိုးထားသည့် စိုက်ခင်းများကို ဝင်ရောက်စားကြကြောင်း၊ အထူးသဖြင့် ချွတ်ပြင်၊ အထက်နန်းရာ၊ သိမ်တောင်အုပ်စုများမှ စပါးစိုက်ခင်းများဖြစ်ကြောင်း၊ စပါးဧက ရာနှင့်ချီပြီး ပျက်စီးနေပြီ်ဟု ၎င်းက ပြောဆိုသည်။

“ ပုဒ်မ ၁၄၄ ထုတ်ထားတော့ လယ်သမားတွေက ဘယ်သူမှ စပါးခင်းတွေကို သွားမစောင့်နိုင်ဘူးလေ။ ဒီတော့ ဒီဆင်တွေက ညဉ့်ကျရင် စိတ်ထင်သလို ဝင်စားကြတော့တာပါဘဲ။ တစ်ချို့ တောင်ရင်းနားက လယ်တွေ အဖူး ဖူးတဲ့ချိန်၊ တစ်ချို့စပါးက နို့ရည်တည်တဲ့ချိန်၊ တစ်ချို့က မှည့်စပြုတဲ့အချိန်၊ အကုန် ကုန်ပြီ။ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီအတိုင်း ကြည့်နေရပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ် အတော်များများတွင် တိုက်ပွဲများကြောင့် ညဉ့်မထွက်၇ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားရာ ထိုအထဲတွင် ရသေ့တောင်မြို့နယ် မယူကမ်းဒေသလည်းပါဝင်သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စေဝေအား ယနေ့နံနက်က ဆက်သွယ်ရာ သူ့အနေဖြင့် စေတီပြင်နယ်မြေသို့ သွားနေကြောင်း၊ ၎င်းဒေသသို့ ရောက်လျှင် နယ်မြေခံ လယ်သမားများနှင့် တွေ့ဆုံပြီး ၎င်းကိစ္စကို မေးမြန်းဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားသည်။

တောဆင်ရိုင်းများကို နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး အစိုးရက ကာကွယ်စောင့်ရှောက်ထားသဖြင့် ၎င်းစပါးစိုက်ခင်းများ ပျက်စီးသည့် ကိစ္စကို နိုင်ငံတော် အစိုး၇ကို တင်ပြသွားမည် ဖြစ်ကြောင်း သူမက ပြောကြားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.