Preview

ရသ့တောင်မြို့နယ် အာကာတောင်ရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်

အောက်တိုဘာ ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :3626
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီကျော်က မြန်မာ့တပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံ တစ်ဦးက “ တိုက်ပွဲက ၁၅ မိနစ်လောက်ဘဲ ကြာတယ်။ အာကာတောင်မူဆလင်ရွာအနီးကို စစ်ကြောင်းထိုးတဲ့ စစ်သားတွေနဲ့ အေအေနဲ့ ရှေ့ဆိုင်ဖြစ်ကြတာပါ။ ၁၁ နာရီကျော်လောက်က ဖြစ်ပါတယ်။  ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဒီအတိုင်းကြားရပါတယ်။ တိုက်ပွဲက နှစ်ဖက် အပြန်အလှန်ပစ်ကြပြီး ပြင်းပါတယ်” ဟု ပြောကြားသည်။

၎င်းစစ်ကြောင်းမှာ ရသေ့တောင်မြို့နယ် သမီးလှ ရွာဟောင်းတွင် ရောက်ရှိနေသော အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းဖြစ်ပြီး ယင်းအထဲမှ စစ်သား ၅၀ ခန့်က အာကာတောင် မူဆလင်ရွာဘက်သို့ စစ်ကြောင်းထိုးစဉ် ရက္ခိုင့်တပ်တော် (AA) နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ အခုက တပ်က ပြန်ဆုတ်သွားပြီး သမီးလှရွာဟောင်းကို ရောက်သွားပါပြီ။ အထိအခိုက်အကျအဆုံး သတင်းတော့ မကြားရသေးဘူး။ အခုလောလောဆယ်တော့ ငြိမ်နေပါတယ်။ တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတဲ့ အတွက် ရွာသားတွေလည်း ရှောင်နေကြရပါတယ်” ဟု ပြောကြားသည်။

သမီးလှရွာဟောင်းဆရာတော်သို့ ဆက်သွယ်ရာ ဆရာတော်က “ ဦးဇင်းကအခု ကျောင်းမှာ မရှိဘူး။ အနီးအနားက ရွာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရောက်နေတယ်။ တိုက်ပွဲဖြစ်တယ်။ အာကာတောင် မူဆလင်ရွာအနီးမှာ ဖြစ်ကြတယ်။ ဦးဇင်းတို့ရွာက အာကာတောင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းလို့ ပြောတယ်။ အေအေနဲ့ ဖြစ်ကြတာ။ လက်နက်ကြီး ပေါက်သံနဲ့ အတူ သေနတ်သံတွေကြားရတယ်။ အခုနားက သေနတ်သံ ရပ်သွားတယ်” ဟု ယနေ့ နေ့လယ် ၁၂ နာရီက ဆက်သွယ်စဉ် ပြောကြားသည်။ 

တိုက်ပွဲကြောင့် သမီးလှရွာဟောင်း၊ ရွာသစ်မှ ကျေးရွာသားများမှာ ရွာကနေ စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု သိ၇သည်။

#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.