ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တပ်ကခေါ်ဆောင်သွားသည့် ပေါက်တောပြင်ရွာမှအမျိုးသမီး ၈ဦး၊ အမျိုးသား ၂ ဦးတိုက်ပွဲကြားမှ လွှတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦမြို့နယ်၊ ပေါက်တောပြင် ကျေးရွာမှ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၂ ဦးတို့မှာ ယမန်နေ့ ညနေ ၇ နာရီက လူသားဒိုင်းကာ အဖြစ် စစ်တပ်က ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး  ထိုသို့ခေါ်ဆောင်သွားစဉ် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဘေးမသီရန်မခဘဲ အသက်ဘေးမှ လွှတ်မြောက်ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးများက ပြောကြားသည်။

“ ကျွန်မတို့က ရွာက အမျိုးသမီး ၈ ယောက်၊ အမျိုးသား ၂ ယောက်ကို ကျွန်မတို့ ရွာအနီးမှာတည်ရှိတဲ့ သင်းကျစ်တောင် ဘုရားတောင်ပေါ်ကို စစ်တပ်က ပို့ခိုင်းပါတယ်။ ကျွန်မတို့က ရှေ့က သွားရပါတယ်။ စစ်သားတွေက နောက်ကလိုက်ပါတယ်။ သူတို့အတွက် လူသားဒိုင်းကာလို သဘောခေါ်သွားတာပါ။ တောင်ပေါ်တက်ပြီး တစ်ဝက်လောက်အရောက်မှာ တိုက်ပွဲဖြစ်ပါတယ်။ ကျွန်မတို့က ရှေ့ကဆိုတော့ ကျွန်မတို့ နောက်က လိုက်လာတဲ့ စစ်သားတွေကို တောင်တစ်လပ်မှာ အေအေကနေ ကြားကနေ ဝင်ပစ်ပါတယ်။ ကျွန်မတို့လည်း ကြောက်ပြီး ဘုရားပေါ်ကို တက်ပြီး သိမ်ထဲမှာ ပုန်းနေကြပါတယ်။ တိုက်ပွဲကတော့ နာရီ ဝက်လောက်ကြာပါတယ်” ဟု ကိုယ်တိုင် အခေါ်ခံရရာတွင် ပါဝင်သူ ဒေါ်သောင်းမျှယဉ် (၃၅) နှစ်က ပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ခေါ်ဆောင်ခံရသူ ၁ဝ ဦးမှာ စုဆုံခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူစုကွဲသွားခဲ့ကြကြောင်း၊ ယနေ့နံနက်က ၂ ယောက် တစ်အုပ်စု၊ သုံးယောက် တစ်အုပ်စုဖြင့် ဘေးမသီရန်မခဘဲ ရွာသို့ ပြန်လည် ရောက်ရှိလာကြောင်း၊ ဒေါ်သိန်းနုချေမှာ ချော်လဲ၍ လက်တွင် အနည်းငယ် ဒဏ်ရာရရှိကြောင်း ၎င်းက ပြောကြားသည်။

တောင်ပေါ်သို့ ခေါ်ဆောင်ခံရသူ အမျိုးသမီး ၈ ဦးမှာ ဒေါ်သာနုစိန် (၄ဝ)နှစ်၊ ဒေါ်မတင်လှ (၄ဝ) နှစ်၊ ဒေါ်စောကြည် (၃ဝ) နှစ်၊ ဒေါ်သောင်းမျှယဉ်(၃၅) နှစ်၊ ဒေါ်သိန်းနုချေ( ၃ဝ) နှစ်၊ ဒေါ်မမချေ(၄၅)နှစ်၊ မခင်မျိုးအေး (၂၄) နှစ်နှင့် ဒေါ်ဘုယေ (၄၈) နှစ်တို့ ဖြစ်ကြပြီး အမျိုးသား နှစ်ဦးမှာ ဦးထွန်းစိန် (၆ဝ) နှစ်နှင့် မောင်ဗြက်ချေ(ခ) ကျော်မင်းထွန်း (၁၃) နှစ်တို့ ဖြစ်ကြသည်ဟု သိရသည်။

“ သူတို့ စစ်သားတွေက ပေါက်တောပြင်ရွာကို ရောက်ရှိလာပြီး ပထမ အစည်းအဝေး လုပ်မယ့် ပုံစံမျိုးနဲ့ ရွာသားတွေကို ခေါ်ပါတယ်။ ရွာမှာက လူလတ်ပိုင်း ယောကျ်ားတွေက ထွက်ပြေးသွားကြတဲ့ အတွက် တစ်ယောက်မှ မရှိတော့ဘူး။ ဒီတော့ သူတို့က သေနတ်နဲ့ ရွာမှာ ကျန်နေခဲ့တဲ့ အမျိုးသမီးတွေကို ခေါ်ပါတယ်။ ပထမ ကျွန်မ အမေကို ခေါ်ပါတယ်။ အမေက ဒေါ်မယဉ်သာပါ။ အသက်က ၇၄ နှစ်ရှိနေပါပြီ။ အမေက မလိုက်နိုင်တော့ အမေအတွက် ကျွန်မလိုက်ပေးရတာပါ” ဟု ဒေါ်သောင်းမျှယဉ်က ပြောကြားသည်။

တိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ်များ သုံးပြီး ပစ်ခတ်ကြကြောင်း၊ ယခုလို အနီးကပ် ပစ်ခတ်သည်ကို တစ်ခါမှ မတွေ့ကြုံဖူးသဖြင့် အထူး စိုးရိမ်ကြောက်လန့်ခဲ့ကြရသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က  ဆက်သွယ်ရာ ဖုန်းထဲမှ ဧရိယာပြင်ပသို့ရောက်ရှိနေကြောင်း ပြောကြားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိခဲ့ပါ။

ည နေပိုင်းဆက်သွယ် အဆက်အသွယ် ရရှိိခဲ့ရာ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက " ဘယ်အမျိုးသမီးကိုမှ ခေါ်ယူခြင်း မရှိကြောင်း၊ မိန်းမများကို ဘာအတွက် လူသားဒိုင်းကာအဖြစ် ခေါ်ယူရမှာလဲ၊ ခေါ်ယူ၍ မရကြောင်း၊ သက်သက် ဝါဒဖြန့်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ သင်းကျစ်တောင်ကို ကိုယ်ဟာကို်ယ် သွားခြင်းသာ ဖြစ်ကြောင်း၊ မည်သူ့ကိုမှ ခေါ်ယူခြင်း မရှိကြောင်း ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “အမျိုးသမီး ၈ ဦး၊ ဆွမ်းတကာတစ်ဦး၊ လူငယ် တစ်ဦးတို့ကို ခေါ်သွားတာတော့ အတည်ပြုနိုင်တယ်။ သူတို့ကို ခေါ်ယူသွားစဉ် သင်းကျစ်တောင် ဘုရားပေါ် အတက်မှာတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာတော့ သူတို့အားလုံး ရွာကို ကောင်းမွန်စွာရောက်ရှိနေပြီလို့တော့ ရွာသားတွေကသတင်းပို့လို့ သိရပါတယ်” ဟု ပြောကြားသည်။


ဆက်စပ် သတင်းများ