Preview

မီးသတ် ၁၉ ဦး၊ အေရှားဝေါ့ကုမ္ပဏီဝန်ထမ်း ၈ ဦးအပါအဝင် လူပေါင်း ၃၁ ဦးကို AA ကခေါ်ဆောင်သွားဟုဆို

အောက်တိုဘာ ၁၃/ ၂၀၁၉ | ကြည့်ရှုသူ :968
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၁၃/၂၀၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်းလာသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနှင့် အေရှားဝေါ့ကုမ္ပဏီဝန်ထမ်း ၈ ဦးအပါအဝင် လူပေါင်း ၃၁ ဦးကို ရက္ခိုင့်တပ်တော် (AA) မှ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက မြောက်ဦးမြို့နယ်အတွင်း ဘတ်စ်ကား တစ်စီးပေါ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု တပ်မတော်ပြောခွင့်ရသူက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ ဖြစ်တာက ဒီလ ၁၁ ရက်၊ နံနက် ၉ နာရီ အချိန်မှာ မြောက်ဦးမြို့ အထွက် ထမရာဇ်အနားမှာဖြစ်တာ။  ရွှေပြည်သစ်ဘတ်စ်ကားနဲ့ လိုက်လာတဲ့ လူ ၃၁ ဦးကို ဖမ်းခေါ်သွားတာ” ဟု ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံ၇သူများထဲတွင် ပြင်ဦးလွင်မြို့နယ်၊ ဆီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်းလာသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊  လမ်းကြုံလိုက်လာသည့် အေရှားဝေါ့ကုမ္ပဏီဝန်ထမ်း ၈ ဦးနှင့် ကားစက်ပျက်၍ လိုက်လာသူများနှင့် ကားသမားများ ဖြစ်ကြသည်ဟု ၎င်းကပြောဆိုသည်။

“တပ်ကတော့ နောက်ကနေ လိုက်နေပါတယ်။ အခုက ဒီလောက်ဘဲ အကြမ်းဖျင်းပြောလို့၇မယ်။ မန္တလေး-စစ်တွေသွား ရွှေပြည်သစ်ဘတ်စ်ကားနဲ့ လိုက်လာတာပါ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ မီးသတ်ဆိုတာ စစ်တပ်ရဲ့ အရံအင်အားတွေထဲက တစ်ခုဖြစ်တယ်။ စစ်ဆင်ရေးနယ်မြေထဲမှာ မသင်္ကာစရာ လူပ်ရှား သွားလာမှုတွေ တွေ့ရင်တော့ လုံခြုံရေးအရ ထိန်းသိမ်းစစ်ဆေးတာတွေတော့ရှိနိုင်ပါတယ်။ သိပ်မကြာခင် ရက်ပိုင်းကဘဲ စစ်တပ်၊ ရဲ၊ မီးသတ်၊ အကျဉ်းဦးစီးစတာတွေ ပါဝင်ပြီး ကျနော်တို့ကို အနှောင့်အယှက်ပေးဖို့အတွက် အစည်းအဝေး လုပ်ကြတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံသူများထဲတွင် စစ်တပ်အရာရှိများ ပါဝင်မှု ရှိမရှိစစ်ဆေးနေသည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ ဗမာစစ်တပ်က အရာရှိတွေ ပါ မပါ ဆက်လက်စစ်ဆေးနေတုန်းဖြစ်တယ်။ ပါကောင်းပါနိုင်တယ်လို့ ယူဆတယ်။  မီးသတ် အဝတ်ဝတ်ထားတဲ့ ဗမာစစ်သားတွေလည်း ပါနိုင်တယ်။ အခုကတော့ ဆက်လက် စစ်ဆေးနေတုန်းဘဲ ရှိသေးတယ်။ အပြစ်မရှိရင်တော့ ပြန်လွှတ်ပေးမှာပါ” ဟု ခိုင်သုခ ကပြောဆိုသည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.