သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရိတ်သိမ်းရာသီတွင် အခက်အခဲရှိမြို့နယ်များတွင် စုပေါင်းရိတ်သိမ်းရန် ရခိုင်တောင်သူလယ်သမားသမဂ္ဂဆုံးဖြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

ချစ်အိလိူင်
နိရဥ္စရာ ၊ အောက်တိုဘာ ၁၄/၂ဝ၁၉

ယခုနှစ် စိုက်ပျိုးရာသီတွင် ရခိုင်ပြည်နယ်တွင် စပါးများစိုက်ပျိုးနိုင်ခဲ့သော်လည်း ရိတ်သိမ်းရာသီတွင် ရိတ်သိမ်းရန် အခက်အခဲရှိသော မြို့နယ်များတွင် စပါးများကို စုပေါင်းရိတ်သိမ်းရန်နှင့် သိုလှောင်ရုံထားနိုင်ရေးအတွက် ဆောင်ရွက်သွားရန် အောက်တိုဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သော ရခိုင်ပြည်လုံး ဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ မြို့နယ်ပေါင်းစုံ နှစ်ပတ်လည် အစည်းဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက “ စိုက်ပျိုးရာသီမှာ စပါးတွေတော့ စိုက်ပျိုးထားကြပြီ။ ရိတ်သိမ်းချိန်မှာ အခက်အခဲတွေရှိခဲ့ရင် ရှိတဲ့နေရာတွေကို စုပေါင်းရိတ်သိမ်းပြီး သိုလှောင်ရုံတွေ ဖွင့်လှစ်ထားရှိရေးအတွက် ဆုံးဖြတ်ခဲ့ကြတယ်။ လိုအပ်တဲ့ စက်ကရိယာတွေကို ဖြည့်ဆည်းပြီး ရိတ်သိမ်းနိုင်ရေး အတွက် ဆောင်ရွက်သွားဖို့တော့ စီစဉ်ရှိပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ မြို့နယ်ပေါင်းစုံ နှစ်ပတ်လည် အစည်းဝေးကို ဂွမြို့နယ် ကမ်းသာယာတွင် ၂ ရက်ခွဲ ကျင်းပ ပြုလုပ်ခဲ့ကြပြီး မြို့နယ်ကိုယ်စားပြု တောင်သူလယ်သမား ၆ဝ ကျော်တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ညမထွက်ရ အမိန့် ၁၄၄ ထုတ်ထားသော မြို့နယ် ၇ ခုတို့တွင်  တောင်သူလယ်သမားများ အနေဖြင့်  စိုက်ပျိုးရိတ်သိမ်းရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

“ ရိတ်သိမ်းချိန်မှာ ခက်ခဲမယ်။ စိုက်ပျိုးချိန်မှာလည်းခက်ခဲခဲ့တယ်။ ရိတ်သိမ်းဖို့ စက်ကိရိယာတွေလည်း လိုအပ်မယ်။ ရိတ်ထားတဲ့ စပါးတွေကို ထားမဲ့နေရာတွေလည်းမရှိဘူး။ ဘာလို့ဆို ရွာမှာ လူတွေမှ မရှိတော့တာ။ အဲဒီစပါးတွေကို ဘယ်မှာထားမလဲ။ ဘယ်သူက ဝယ်မလဲ။ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ထားတဲ့  စစ်ဖြစ် တဲ့နေရာတွေက ခက်ခဲတယ်။ စပါးစိုက်ဖို့၊ ရိတ်ဖို့ ဘယ်သူမှ လယ်ထဲမသွားရဲကြဘူး။ ဒါတွေကို ဖြေရှင်းပေးဖို့ ကျွန်တော်တို့က လိုလားပါတယ် ”ဟု မြောက်ဦးမြို့နယ်၊ ကန်စောက်ကျေးရွာမှ လယ်သမား ဦးစောနိုင်က ပြောသည်။

ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားသော မြို့နယ်များဖြစ်ကြသည့်  ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စိုက်ပျိုးချိန်တွင်လည်း အခက်အခဲ ဖြစ်ခဲ့ကြရပြီး ရိတ်သိမ်းချိန်တွင်လည်း အခက်အခဲများကြုံတွေ့ရနိုင်သည်ဟု လယ်သမားများက ပြောသည်။

 “ရခိုင်ပြည်တောင်သူ လယ်သမားတွေဟာ အင်မတန်ဆင်းရဲတယ်။ နိုင်ငံရေး ပယောဂကြောင့်ဖြစ်လာတဲ့ စစ်ဘေးဒဏ်ကြောင့် ကျွန်တော်တို့မှာ အခက်ခဲပိုများတယ်။ ဒီနှစ်မှာ အထူးသဖြင့် ၁၄၄ ထုတ်ထားတဲ့ ၇ မြို့နယ်က မစိုက်ပျိုးနိုင်တဲ့ ဧက သုံးသောင်းခွဲလောက် ဆုံးရှုံးမှုရှိတယ်။ဒါကြောင့် အဲဒီ သုံးသောင်းခွဲက စပါးလျော့ကျ သွားတဲ့အတွက် အခက်ခဲဖြစ်ပါတယ်” ဟု ဦးကျော်ဇံကပြောသည်။

ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း အပါအဝင် ရခိုင်တပြည်နယ်လုံးတွင်   လယ်မြေဧက ၁၂ သိန်းကျော်ရှိသည့်အထဲက ဧက ၁ဝ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ သည်ဟု ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက နိရဥ္စရာ သတင်းဌာနနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားထားသည်။

ဂွမြို့နယ် ကမ်းသာယာတွင် ပြုလုပ်သည့် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ နှစ်ပတ်လည် အစည်းအဝေးတွင် နောင်နှစ် စိုက်ပျိုးရာသီတွင် ထွန်ယက်စိုက်ပျိုးရန် စက်သုံးကရိယာများ ရရှိရေး၊ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ အားနည်းချက် အားသာချက်များကို ဆွေးနွေးခဲ့ကြပြီး အဖွဲ့အစည်း ကျစ်လစ်ခိုင်မာရေး အတွက် ရေးဆွဲထားသော မူဝါဒများကို အားဖြည့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်ဟု ပြောဆိုသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ နှစ်ပတ်လည်အစည်းအဝေးကို ပထမအကြိမ်ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံမှ တစ်မြို့နယ်က အနည်းဆုံး နှစ်ဦးစီ တတ်ရောက်ခဲ့ကြောင်း၊ စုစုပေါင်းတောင်သူ လယ်သမား ၆ဝ ကျော်က ၃ ရက်တိုင်တိုင် တတ်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးမှ တောင်သူလယ်သမားများ၏ တင်ပြချက်များအား ယခုလအတွင်း စစ်တွေမြို့တွင် ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များသို့ တင်ပြသွားမည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ထံမှ သိရသည်။


ဆက်စပ် သတင်းများ