Preview

ကျောက်တော်မြို့နယ် ပစ်ခတ်မှုအတွင်းလူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာဖြင့် ဆေးရုံရောက်

အောက်တိုဘာ ၁၅/ ၂၀၁၉ | ကြည့်ရှုသူ :4960
ရခိုင် သတင်း

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၅/၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာအုပ်စု၊ ရွှေလိူင်ကျေးရွာတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် စစ်အောင်ရွာမှ ဦးကုလားမောင်(ခေါ်) ဦးခင်အောင်ကြည် (၅၃) နှစ်ဖြစ်ပြီး ဒဏ်ရာရသွားသူမှာ ရွှေလိူင်ကျေးရွာမှ မောင်နေဆန်းဝင်း (၂၄) နှစ်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ ကျွန်တော်အခု ကျောက်တော်ဆေးရုံကို ဒဏ်ရာရတဲ့သူကို ကြည့်ဖို့ ရောက်နေပါတယ်။ ဒဏ်ရာရသူက မောင်နေဆန်းဝင်းဖြစ်ပါတယ်။ ရှပ်ထိတာပေါ့နော်။ ခါးတွေရော၊ ဦးခေါင်းတွေမှာပါ ဒဏ်ရာရပြီး ရောက်နေပါတယ်။ တစ်ယောက်ကတော့ ကျည်ထိပြီး သေသွားပါတယ်။ ဦးကုလားမောင်ကတော့ အခင်းဖြစ်တဲ့ရွှေလိူင်ရွာမှာဘဲ သေသွားတယ်လို့ သိ၇ပါတယ်” ဟု ပြောကြားသည်။

သေနတ်ပစ်ခတ်မှုမှာ ယနေ့ နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ပြီး အလောင်းကို ယခုအချိန်ထိ မယူဆောင်နိုင်သေးဘဲ ရှိနေသေးသည်ဟု ဆိုသည်။

“ ဖြစ်တာတော့ ကျွန်တော် သိ၇သလောက်ပေါ့။ မနက် ၆ နာရီလောက်ပေါ့။ မနက် ၆ နာရီလောက်ဆိုတော့ အဲဒီဘက်မှာ သွားသွားလာလာရှိနေကြပြီပေါ့။ ကျောက်တော်မြို့နယ်မှာ ကမ်းခြေတစ်လျှောက် ရွာစဉ်တန်းတွေနဲ့ စည်ကားတဲ့ ဒေသတွေပေါ့။ မနက်ပိုင်း ၅ နာရီနောက်ပိုင်းဆို လူတွေက သွားလာနေကြပြီပေါ့။ အဲဒီမှာ တပ်ကနေ ရောက်နေတယ်လို့ ပြောတယ်။ တပ်ကနေ ရောက်နေတော့ ဖမ်းတာ၊ စစ်တာဆေးတာတွေ လုပ်တယ်လို့ ကျွန်တော် သိရတယ်။ ကြားပါတယ်။ အဲဒီကြားထဲမှာ ဘယ်လို ဖြစ်သွားသလဲဆိုတာတော့ ကျွန်တော်မသိဘူး။ တပ်ကနေ လှမ်းပစ်တော့ တစ်ယောက်ထိတယ်။ ရွာကိုလည်း လှမ်းပစ်တော့ ရွာထဲမှာ တစ်ယောက်ထိတယ်။ အခု ဆေးရုံကို ရောက်နေတဲ့ တစ်ယောက်ပေါ့”ဟု ဦးထွန်းဝင်းက ပြောသည်။

ယနေ့နံနက် ၅ နာရီ ၄၀ မိနစ်က ဦးကုလားမောင်မှာ ဆင်အိုးချိုင်ကျေးရွာသို့ သွားရာတွင် စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားကြောင်း ဦးကုလားမောင်၏ တူမဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။

“ ကျွန်မ ဦးလေးက ဆင်အိုးချိုင်ကျေးရွာကို သွားမယ်ဆိုပြီး အိမ်ကနေ ထွက်သွားပါတယ်။ လိုင်းကား ဟိုက်ဂျက်ကား တစ်စီးကို တားတဲ့ အခါ အဲဒီကားပေါ်မှာ စစ်သားတွေပါလာတယ်လို့ သိ၇ပါတယ်။ သူ့ကို မသင်္ကာလို့ ခေါ်ယူသွားပြီး မနက် ၆ နာရီကျော်မှာ ရွှေလိူင်ကျေး ရွာအနီးမှာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံထိမှန် သေဆုံးသွားတယ်လို့  သိရပါတယ်။ ဘာကြောင့် သေနတ်နဲ့ ပစ်တယ်ဆိုတာ ကျွန်မတို့ မသိရသေးပါ” ဟု သူမက ပြောကြားသည်။

သေဆုံးသူ ဦးကုလားမောင်၏ အလောင်းမှာ ရွှေလိူင်ဘုန်းတော်ကြီးကျောင်း အနီး နေရာတွင်ပင် ရှိနေသေးပြီး စစ်သားများရှိနေသေးသဖြင့် မည်သူမျှ သွားမယူရဲဟု သူမက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ပြန်ကြားချက်ကို ၇ယူလိုသဖြင့် ယနေ့နံနက် ၁၀ နာရီကျော်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

သေဆုံးသူ ဦးကုလားမောင်တွင် ဇနီးဒေါ်စိန်နုခိုင်နှင့် သားသမီး ၆ ဦးကျန်ခဲ့သည်ဟု သိ၇သည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.