Preview

ကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာအနီးတွင် ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်မှုဖြစ်ပွား

အောက်တိုဘာ ၁၆/ ၂၀၁၉ | ကြည့်ရှုသူ :7189
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊အောက်တိုဘာ ၁၆/၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာ အနီးတွင် အောက်တိုဘာ၁၅ ရက်နေ့ ညနေက ပေါက်ကွဲမှုတစ်ခုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းပစ်ခတ်မှုမှာ ဆင်အိုးချိုင်ရွာသစ်နှင့်ရွာဟောင်းကြားတွင် ဖြစ်ပွားခဲ့ပြီး အချိန်မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည်ဟု ရွာသား တစ်ဦးကပြောသည်။

“ ဗုံးကွဲပြီး ပစ်ခတ်မှု ဖြစ်တာပါ။ ဆင်အိုးချိုင် ရွာသစ်နဲ့ ဆင်အိုးချိုင် ရွာဟောင်းကြားမှာ ဖြစ်တာပါ။ စစ်သားတွေလာတဲ့ အခါ ဖြစ်ပါတယ်။ ရွာပြင်မှာ ဖြစ်တယ်ဆိုတော့ ရွာထဲကို ကျည်ဆံတွေလာကျတာတွေလည်း ရှိပါတယ်။ လက်နက်ငယ်သံ၊ စက်လက်ပစ်ခတ်သံတွေကို ကြားရပါတယ်။ ရွာသားတွေတော့ အထိအခိုက်တော့ မရှိပါဘူး” ဟု ဆင်အိုးချိုင်ရွာဟောင်းမှ ရွာသား တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် ဆင်အိုးချိုင်ရွာသစ်မှ ရွာသားတစ်ချို့မှာ ပေါက်တောပလောင်ရွာဘက်သို့ ထွက်ပြေးကြပြီး ဆင်အိုးချိုင်ရွာဟောင်းမှ ရွာသားများမှာ ရွာထဲတွင် ပုန်းအောင်းနေခဲ့ကြသည်ဟု ဆိုသည်။

ဆင်အိုးချိုင်ရွာဟောင်းမြောက်ပိုင်း မှ အမျိုးသမီးတစ်ဦးက  “ပထမတော့ မိုင်းတစ်လုံးပေါက်သံကြားလိုက်ရတယ်။ နောက်ပြီး သေနတ်သံတွေနဲ့လည်း ပစ်သံတွေကြားလိုက်ရပါတယ်။ ကျမတို့က ရွာမြောက်ပိုင်းဆိုတော့ တောင်ပိုင်းမှာ ဖြစ်နေတာကို သွားမကြည့်ရဲဘူး။ စစ်သားတွေက ဘုန်းတော်ကြီးကျောင်းမှာ ရှိနေပါတယ်” ဟု ၄င်းအမျိုးသမီးက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံများ၏ ပြောဆိုချက်အရ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကို ကြားသိ၇ကြောင်း ပြောသည်။

“ပေါက်ကွဲမှု ဖြစ်တယ်ဆိုပေမယ့် တိုက်ပွဲ ဖြစ်တာလား၊ မိုင်းပေါက်တာလား တိတိကျကျ ပြောဖို့တော့ခက်ပါတယ်။ အဲဒီမှာ ပစ်ခတ်မှုတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ ညနေ ၄နာရီကျော်လောက်က လှမ်းဆက်သွယ်ကြည့်တဲ့ အချိန်မှာလည်း သေနတ်သံတွေ ကြားနေရတယ်လို့ ရွာသားတွေက ပြောပါတယ် ”ဟု ဦးထွန်းဝင်းက ပြောသည်။

အနီးအနားရှိ ဆင်အိုးချိုင်ကျေးရွာသားတစ်ဦးက “ပထမတော့ လက်နက်ကြီး နှစ်လုံးပစ်သံကြားတယ်။ ပြီးတာနဲ့ စက်သေနတ်နဲ့ ပစ်တယ်။ စက်သေနတ်နဲ့ပစ်ပြီးတာနဲ့ လက်နက်ငယ်တွေနဲ့လည်းထပ်ပစ်သံ ကြားလိုက်ရတယ်။ ထပ်ပြီးဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူး။ ရွာကလူတွေ အားလုံးက စိုးရိမ် ကြောက်လန့်နေကြပါတယ်” ဟုပြောသည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး သိရှိရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယမန်နေ့ ညနေ ၅နာရီကျော်က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ် မရှိခဲ့ပါ။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.