Preview

ရွာသားများထွက်ပြေးနေစဉ် ပေါက်တောပြင်ကျေးရွာ ဈေးဆိုင်ခန်းများနှင့် နေအိမ်များဖေါက်ထွင်းယူဆောင်ခံရဟုဆို

အောက်တိုဘာ ၁၆/ ၂၀၁၉ | ကြည့်ရှုသူ :5496
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁၆/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ရွာသားများ တိုက်ပွဲကြောင့် ကြောက်လန့် ထွက်ပြေး နေစဉ် ကျေးရွာအတွင်း ဈေဆိုင်ခန်းများနှင့် နေအိမ်များ  ဖောက်ထွင်းခံရပြီး ပစ္စည်းများ ယူဆောင်ခံရသည်ဟု ကျေးရွာသားများ နိရဥ္စရာသို့ ပြောကြားသည်။ 

ပေါက်တောပြင်ကျေးရွာမှ ဖေါက်ထွင်းခံရသည့် ဈေးဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်ဦးခိုင်သန်း က “ကျမတို့မှာ ဆိုင်ခန်း ဆောက်တာ သိပ်မကြာသေးဘူး။ ကျမတို့က အခုသံချောင်းရွာသစ်ကို ရောက်နေကြတာ။ ကျမအဖေက ရွာမှာ ကျန်ခဲ့တာ။ ဒီနေ့မနက်က အဖေကဆိုင်ခန်းဘက်ကို သွားကြည့်တော့ အကုန်လုံးဖွင့်ပြီး ယူထားတာ တွေ့တယ်လို့ ပြောပါတယ်။ ဘယ်အချိန်ယူတယ်ဆိုတာကို မသိရပါ” ဟု ပြောသည်။

ပေါက်တောပြင်ကျေးရွာအတွင်း စစ်တပ်ရောက်ရှိနေပြီး ကျေးရွာအတွင်းနေအိမ်များအား တက်မွှေမှုများလည်း ရှိနေကြောင်း၊ နေအိမ်အတွင်းမှ သေတ္တာများကိုလည်း ထုခွဲသံများကြားနေရကြောင်း ယနေ့ ညနေပိုင်း သံချောင်း ရွာသစ်သို့ ထွက်ပြေးလာသူ ဒေါ်လှညွန့်စိန်ဆိုသူ အမျိုးသမီးက ဆက်ပြောသည်။

“ကျမက အခုနားကပြေးလာတာပါ။ မနေ့က ကျမက ရွာထဲမှာရှိတယ်။ ရွာမှာနေအိမ်တွေက နံရံတွေကိုခွာတယ်။ ဆိုင်ခန်းတွေကို ဖြိုသတ်နေကြတယ်။  ကြက်တွေ၊ ငှက်တွေ တခုမကျန်ဘူး။ ပစ္စည်းတွေလည်း အကုန်ချယူတယ်။ ကျမတို့က ရွာမှာမနေရဲတော့လို့ ကြောက်လို့ပြေးလာတာပါ” ဟု ယနေ့ ညနေ ၅နာရီ ၁၅ မိနစ်ခန့်က ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ကျေးရွာအတွင်း စစ်တပ်ရောက်ရှိနေမှုကြောင့် ပေါက်တောပြင်ကျေးရွာမှ ကျေးရွာသားအချို့မှာ  ကြောက်လန့် ထွက်ပြေးနေကြရပြီး ကျေးရွာအတွင်းတွင် မသွားနိုင်၊ မလာနိုင်သည့် သက်ကြီးရွယ်အိုများသာ ကျန်ရှိနေခဲ့ကြောင်း ယနေ့ သံချောင်းကျေးရွာသစ်သို့ ထွက်ပြေးလာသည့် အမျိုးသမီးများက ပြောသည်။

“စစ်သားတွေက ဟိုအိမ်ကို လိုက်တက်၊ ဒီအိမ်ကို လိုက်တက်နဲ့ တက်နေကြတာတွေ့ခဲ့ပါတယ်။ တံခါးတွေ ဖွင့်ကြတယ်။ ဖွင့်မရရင် ဖြိုထုတယ်။ ကျမတို့လည်း သူတို့လာရင်ပုန်းနေခဲ့ရတာပါ”  ဟု ဒေါ်လှညွန့်စိန်က ပြောသည်။

နေအိမ်နှင့် ဈေးဆိုင်ခန်းများအား စစ်တပ်က ဖောက်ထွင်း ဖြိုဖျက်ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်နေသည်ဟု ကျေးရွာသားများက ပြောဆိုသဖြင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ ညနေ့ ၅နာရီ ၅၃ မိနစ်ခန့်က ဆက်သွယ်မေးမြန်းရာ ပေါက်တောပြင် ကျေးရွာအတွင်း တပ်ရောက်၍ မရှိကြောင်း  ပြန်လည်ပြောဆိုသည်။

“ပေါက်တောပြင်မှာ တပ်လည်းမရှိဘူး။ ဗျူဟာလည်းမရှိဘူး။ အဲ့ဒီလို မရှိတဲ့အတွက် ဒီလို ယူဆောင်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲသလိုဘဲပြောချင်တယ်ဗျ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ထိုဖြစ်စဉ် ဖြစ်ပျက်ခဲ့မှုရှိ /မရှိ မြောက်ဦးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာသားများက ဖုန်းဆက် အကြောင်းကြား ထားသည့် အတွက် ရွာအခြအနေကို  ကြားသိရကြောင်း ပြောသည်။

“တချို့ဈေးဆိုင်တွေမှာပေါ့နော်။ ဖောက်ထွင်းခံရတာ၊ ပိုက်ဆံတွေပျောက်သွားတာရှိတယ်။ နောက်ပြီးတော့ ဘီယာဘူးတို့ ဘာတို့ အဲ့ဒါတွေ ဖောက်သောက်နေတာလည်း တချို့ကမြင်ရတယ်လို့ ရွာသားတွေက ပြောကြပါတယ် ” ဟု ဦးထွန်းသာစိန်က ပြောသည်။

ပေါက်တောပြင်ကျေးရွာတွင် အိမ်ခြေ  ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း သိ၇သည်။

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.