ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် အရပ်သား၂ ဦးကျည်ဆံထိမှန် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 940

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊အောက်တိုဘာ ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာအနီးတွင် ယနေ့ နေ့လယ်က ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်စဉ် အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ဦးထွန်းလှိုင် (၄၃) နှစ်နှင့် ဒေါ်စောမျှရီ (၅၅) နှစ်တို့ ဖြစ်ပြီး လက်ရှိတွင် ကျောက်တော် ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

ကျေးရွာ လူကြီးတစ်ဦးက “ ဒီနေ့ နေ့လယ် ၁၂ နာရီ မိုင်းကွဲတယ်။ အဲဒီနောက် တပ်ကနေ ပစ်ခတ်သံတွေ ကြားရတယ်။ ဘယ်ဘက်ကနေ ပစ်တယ်ဆိုတာ မသိဘူး။ အိမ်ပုန်းနေစဉ် ထိတာလို့ ပြောပါတယ်။  ဦးထွန်းလှိုင်မှာ ဝမ်းဗိုက်ကို ထိတယ်။ အမျိုးသမီးကတော့ လည်ပင်းကို ရှပ်ထိပါတယ်” ဟု ပြောသည်။

ဦးထွန်းလှိုင်မှာ ဒဏ်ရာပြင်းထန်ပြီး နှစ်ဦးစလုံးကို ယခုအခါ ကျောက်တော်မြို့နယ် ဆေးရုံသို့ ယူဆောင်လာသည်ဟု ပြောသည်။

မိုင်းပေါက်ကွဲသော နေရာမှာ ရွာအရှေ့ဘက် ကင်းစွန်းချောင်းအနီးတွင် ဖြစ်ပြီး ရွာနှင့် ချောင်း တစ်ချောင်းသာ ခြားသည်ဟု ၎င်းကျေးရွာလူကြီးက ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ အမျိုးသမီး တစ်ယောက်၊ အမျိုးသား တစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသားက ဒဏ်ရာပြင်းတယ်။ စိုးရိမ်စရာအခြေအနေရှိတယ်လို့ သိရတယ်။ အခု သတင်းဝင်လာတာက အပေါက်ဝ ရွာက တစ်ဦးသေတယ်လို့ သတင်းကြားတယ်။ အခု ဆက်လက် မေးမြန်းနေတုန်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၎င်းပြိန်းချောင်းကျေးရွာသည် ကျောက်တော်မြို့နယ် အပေါက်ဝရွာတောင်ဘက်တွင် တည်ရှိကြောင်းနှင့် စစ်သားအများအပြားမှာ လက်ရှိ ရွာထဲတွင် ရောက်ရှိနေကြောင်း ၎င်းကျေးရွာလူကြီးက ပြောသည်။ 

ဆက်စပ် သတင်းများ