ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

သြစတေးလျချေးငွေ၊ ဂျာမန်နည်းပညာအကူညီဖြင့်တည်ဆောက်နေသည့် ကျောက်ဖြူ-လေးတောင်မြို့လမ်းပေါ်ရှိ ကင်းချောင်းတံတား လာမည့်ဧပြီလတွင် ပြီးစီးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၁၈/၂ဝ၁၉

သြစတေးလျချေးငွေ၊ ဂျာမန်နည်းပညာအကူညီဖြင့် တည်ဆောက်နေသည့် ကျောက်ဖြူ-လေးတောင်မြို့ အကြားရှိ ကင်းချောင်းတံတားမှာ  လာမည့်ဧပြီလတွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းတံတားသည် ဆက်သွယ်ရေးခက်ခဲသည့် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့နှင့် ကျောက်ဖြူမြို့ အကြား ပထမဆုံး ဆက်သွယ်ပေးမည့်  ၁၂၅၆ အလျားပေ ရှိသည့် တံတားဖြစ်ကြောင်း သိရသည်။

၎င်းကင်းချောင်းတံတားကို ဂျာမန်နည်းပညာအကူညီဖြင့် တည်ဆောက်နေကြောင်းသိရသည်။

ကင်းချောင်းတံတားကို အစိုးရ၏  (၂ဝ၁၇၊၂ဝ၁၈)ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေအပါအဝင် သြစတေးလျ၏ ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း  ၆၇၃ဝ သန်း ရှိကြောင်း ရမ်းဗြဲမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက နိရဥ္စရာသို့ပြောသည်။

“အဲဒီ ကင်းချောင်းတံတားက ကျောက်ဖြူနဲ့ ရမ်းဗြဲကို  ဆက်သွယ်ထားတဲ့၊ အထူးသဖြင့် ဒီဘက်က လေးတောင် ဘက်ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ လာမယ့် ၂ဝ၂ဝ ဧပြီ ၃ဝ ရက်နေ့မှာ ဖွင့်လှစ်မယ်။ပြီးစီးမယ်ဆိုပြီး လျာတား ထားပါတယ်”ဟု ဒေါ်ထုမေက ပြောသည်။

ကင်းချောင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်း၊တံတားဦးစီးဌာန တံတားဖြစ်မြောက်ရေးအဖွဲ့ အထူးအဖွဲ့(၈)မှ တည်ဆောက်နေခြင်းဖြစ်ကြောင်း၊တံတား၏ အပေါ်ထည်မှာ သံမဏိ၊ သံဘောင်ဖြစ်ပြီး ကွန်ကရစ်တံတား ဖြစ်ကြောင်း ဒေါ်ထုမေက ဆက်ပြောသည်။

“ကျွန်မအနေနဲ့တော့ အဲဒီမှာ ကိုယ်၊ကိုယ်တိုင် ကွင်းဆင်းသွားကြည့်လိုက်တဲ့အခါကျတော့ ဂျာမန်က ပညာရှင် တစ်ယောက် တံတားတည်ဆောက်တဲ့ နေရာမှာ ရောက်နေတယ်။ သူကတော့ ဘာတွေ ထောက်ပြလည်း ဆိုလို့ရှိရင် ဒီမှာ လေးပတ် အတောအတွင်းမှာနေပြီး ဒီလေးတောင်ဘက်အခြမ်း အလယ်တိုင်ရဲ့ အပေါ်သံတွေကို၊ယက်မလို့ ခေါ်မလား မသိဘူး။ အဲဒါတွေကို ပြီးစီးနိုင်ဖို့ မျှော်လင့်တယ်လို့တော့ ပြောခဲ့ပါတယ်”ဟု ပြောသည်။

ကင်းချောင်းတံတားသည် ကျောက်ဖြူနှင့် လေးတောင်ကို ပထမဦးဆုံး ဆက်သွယ်မည့် တံတားတစ်စင်း ဖြစ်သည့်အတွက် တံတားပြီးစီးပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးပိုမိုကောင်းမွန်လာရန် မျှော်လင့်ကြောင်း ဒေါ်ထုမေက ပြောသည်။
“တံတားဆိုတာက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့ ပြည်သူတွေအတွက် မရှိမဖြစ် ဆောက်လုပ်ရမယ့် အရာ တစ်ခုဖြစ်တယ်။ ဒီတံတားပြီးစီးသွားလို့ရှိရင်တော့ ကျွန်မတို့ ရန်ကုန်၊ စစ်တွေလမ်းကို ဒီဘက်က လေးတောင် ဟိုဘက်က ကျောက်ချောင်း တပြိုင်နက်တည်း ထွက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက လေးတောင် အနေနဲ့ရော၊ ကျောက်ချောင်းတိုက်နယ်၊ ကံတိုင်း တိုက်နယ် အနေနဲ့ရော ဒီတံတားကို အသုံးပြုပြီးတော့ စစ်တွေနဲ့ ကူးလူး ဆက်သွယ်မှုတွေ၊ ဒီမြန်မာပြည် အောက်ပိုင်း ရန်ကုန်အထိ ကူးလူးမှုတွေဟာ နဂိုထက်ပိုပြီးတော့၊ အတိုင်းအတာ တစ်ခုထိ ကောင်းမွန်လာမယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ တစ်ဘက်မှာလည်း ကျွန်မတို့ ဒီ လေးတောင်က မြို့ဖြစ် လာတယ်။ ဒီမြို့တွေ ဖြစ်ထွန်းလာတဲ့အပေါ်မှာလည်း ပြည်သူတွေရဲ့ နောက်မျှော်လင့်တာက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာလို့ ရှိရင် ပြည်သူများရဲ့ ထုတ်လုပ်မှုတွေ၊ ကုန်စည် စီးဆင်းမှုတွေ၊ ကျန်းမာရေးတွေ၊ အဓိကကတော့ ကျန်းမာရေး ကဏ္ဍတွေမှာ    ပိုပြီးတော့ တိုးတက်လာမယ်လို့ မျှော်လင့်တယ်” ဟု ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက နိရဥ္စရာသို့ပြောသည်။

(Photo by Ko Maung Maung Gyi)


ဆက်စပ် သတင်းများ