အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များကိုကူညီရန်လာသည့် ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)မှ ကျောင်းသားခေါင်းဆောင်များ အမ်းမြို့တွင်တားမြစ်ခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်များကို စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့လှူဒါန်းရန် လာရောက်သည့် ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ) မှ ကျောင်းသား ခေါင်းဆောင် များသည် အမ်းမြို့တွင် ယနေ့ မွန်းလွဲ ၂ နာရီမှ စပြီး တားမြစ်ခံထားရသည်ဟု သတင်းရရှိသည်။ 

“ကျွန်တော်တို့ အခု အမ်းမှာ သောင်တင်နေတယ်။အဲမှာ အစိုးရဘက်က ခွင့်မပြုနိုင်ဘူးဖြစ်နေတယ်။ ကျွန်တော် တို့က နယ်လုံဝန်ကြီးကိုလည်း စာတင်ပြီးပြီ။သူလည်း မသိတာမဟုတ်ဘူး။သိတယ်။ဝန်ကြီးချုပ်ကိုလည်း စာတင်ပြီးပြီ။ ဝန်ကြီးချုပ်လည်း မသိတာမဟုတ်ဘူး။ သိတယ်။နောက်ပြီးတော့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးကိုလည်း မိတ္တူ ပေးလိုက်ပြီးပြီ။ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း ပေးလိုက်ပြီးပြီ။ အဲဒါကြောင့် ကျွန်တော်တို့ က သူတို့ ဘက်ကနေ တောင်းဆိုထားတဲ့ ဘယ်နှစ်ရက်နေ့ သွားမယ်ဆိုတာကို ရက်စွဲအတိအကျပေးပါလို့ သူတို့ အစိုးရအဖွဲ့ကတောင်းတဲ့အတွက် ဒီလ ၁၇ ရက်နေ့ ပခုက္ကူကနေ ထွက်မယ်လို့ စာတင်တယ်။ ကျွန်တော်တို့ ထွက်လာလို့ အမ်းမြို့ရောက်တဲ့အခါကျတော့ ညှိနှိုင်းရေးကော်မတီရဲ့ ထောက်ခံစာလိုတယ်ဆိုတာကို အမ်းမြို့ရောက်ခါမှ သိရတယ်။ ပခုက္ကူမှာ သူတို့နဲ့ အဆက်သွယ်လုပ်နေတုန်းက သူတို့က ဘာမှမပြောဘူး” ဟု ချင်းကျောင်းသားများသမဂ္ဂ (ပခုက္ကူ) ဥက္ကဋ္ဌ ဆလိုင်းဗန်ဘီးနှီးဆာက ပြောသည်။

ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)မှ ကျောင်းသားခေါင်းဆောင် ၉ ဦးသည် မင်းပြားနယ်မှ စစ်ရှောင်များကို လှူဒါန်းရန်အတွက် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို ကားကြီးတစ်စီးဖြင့် တင်ဆောင်ကာ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေက ပခုက္ကူမှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အဝင် အမ်းမြို့တွင် တားမြစ်ခံထားရခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ကို တားတာက အမ်းမြို့အဝင် လုံခြုံရေးဂိတ်မှာ တားခံထားရတာပါ။ အခု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်လို့ ရောက်နေတယ်။ ကျွန်တော်တို့က ပြန်သွားလို့မဖြစ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လာတဲ့ရည်ရွယ်ချက်က ဒီက စစ်ရှောင်တွေကို လှူဖို့လာတာ။ ကျွန်တော်တို့ နောက်ပြန်ဆုတ်ဖို့ လာခဲ့တာမဟုတ်ဘူး” ဥက္ကဋ္ဌ ဆလိုင်းဗန်ဘီးနှီးဆာက ဆက်လက်ပြောဆိုသည်။

ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)တွင် မင်းပြားမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်း ကျပ်သိန်း ၇ဝ ကျော်ဖိုး ပါသည်ဟု  သိရသည်။

"ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)"တွင် ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူနည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂနှင့် ချင်းကျောင်းသားသမဂ္ဂ (ပခုက္ကူ) တို့ပါဝင်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ၄င်းအနေဖြင့် မသိရှိရသေးကြောင်း ပြောကြားသည်။


ဆက်စပ် သတင်းများ