Preview

မင်းပြားမြို့နယ်၊ဒိုင်းသားကျေးရွာအနီး တိုက်ပွဲဖြစ်

အောက်တိုဘာ ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :3364
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊အောက်တိုဘာ ၁၉/၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဒိုင်းသားကျေးရွာအနီး စားကျက်ကွင်းတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိ၇သည်။

ယနေ့နံနက် ၈ နာရီမှ  ၁၀ နာရီအထိ ဒိုင်းသားကျေးရွာနှင့် ၂ မိုင်အကွာ တောင်ခြေရင်းတွင် နှစ်ဘက်ပစ်ခတ် မှုများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ပြင်ယောင်းကျေးရွာမှ ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“တိုက်ပွဲဖြစ်နေပါတယ်။ စားကျက်ကွင်းမှာပါ။ လက်နက်ကြီးပစ်သံတွေလည်းကြားရတယ်။ နှစ်ဘက် ပစ်ခတ်သံတွေပါ။ ရွာသားတွေကြောက်လန့်နေကြပါတယ်” ဟု နံနက် ၁၀ နာရီက ဆက်သွယ်မေးမြန်းရာတွင် ၄င်းကျေးရွာသားက ပြောသည်။

ယင်းတိုက်ပွဲမှာ တပ်မတော်ဘက်မှ စစ်ကြောင်းတစ်ခုအား AA ဘက်မှ တိုက်ခိုက်ပြီးနောက် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကြောင်း  အနောက်ပိုင်းတိုင်းစစ်ဌာနချူပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောသည်။

“ဖြစ်တယ်။ AA ကို အပြုတ်တိုက်မလို့ချတာ။ ဘယ်လိုဖြစ်တာလည်းဆိုတော့ လာပစ်တော့ ပြန်ပစ်တာပေါ့။ စစ်ကြောင်းကိုလာပစ်တော့ ပြန်ပစ်တာ” ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

ဒိုင်းသားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းကို   ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်က ဆက်သွယ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်းပြောကြားသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ဒီနေ့နံနက် ၈ နာရီကျော်လောက်ကဖြစ်တာပါ။ အခုကပြီးသွားပါပြီ။ တိုက်ပွဲဘယ်လိုစဖြစ်တာလည်းတော့ အသေးစိတ် မသိသေးပါဘူး” ဟုပြောသည်။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.