Preview

ဘူးသီးတောင်မြို့နယ် အရှေ့ဘက်တောင်တန်းများကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

အောက်တိုဘာ ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :2286
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)/ ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၉/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဝမ်းတွင်းကျေးရွာ အရှေ့ဘက်တောင်တန်းများကို ယနေ့ ညနေ ၃ နာရီခွဲက တပ်မတော်က စစ်၇ဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံကျေးရွာသားများက ပြောကြားသည်။

“ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ကျွန်တော်တို့ ဝမ်းတွင်းရွာရဲ့ အရှေ့ဘက် တမန်းသားတောင်တန်းတွေကို ၇ဟတ်ယာဉ် နှစ်စီးနဲ့ ဝဲပျံပြီး ပစ်တာပါ။ ၁၀ကြိမ်၊ ၁၅ ကြိမ်လောက် ပတ်တယ်။ ပျံတယ်၊ ပစ်ပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်” ဟု ဝမ်းတွင်းရွာမှ  အရပ်လူကြီး တစ်ဦးက ပြောသည်။

ဝမ်းတွင်းရွာသည် အိမ်ခြေ ၃၀ ခန့်ရှိသည့် ရခိုင်ကျေးရွာ တစ်ရွာဖြစ်ပြီး ဘူးသီးတောင်မြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာ၊ စကခ (၁၅) တပ်မ၏  မြောက်ဘက်တွင် တည်ရှိသည်ဟု သိရသည်။

“ ဘာကြောင့် အဲဒီတောင်တန်းတွေကို ရဟတ်ယာဉ်နဲ့ ပစ်တယ်ဆိုတာလည်း မသိပါဘူး။ အေအေရှိလား၊ မရှိဘူးလား၊ အဲဒါတွေကိုလည်း မသိဘူး။ ကျွန်တော်တို့က ကိုယ့်လယ်ကိုယ် လုပ်စားနေကြတဲ့ သူတွေပါ။ ရဟတ်ယာဉ်ပေါ်က ပစ်တာကိုရော၊ တပ်မက ပစ်တဲ့ အမြောက်သံတွေကိုရော အကုန်လုံးကြားရပါတယ်” ဟု ၎င်းလူကြီးက ပြောကြားသည်။

၎င်းပြင် ညနေပိုင်းထိ ဘူးသီးတောင်တပ်မမှလည်း ၎င်း နေရာများကို ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

အနီးအနားရှိ အုတ်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ ဘာမှ မဖြစ်ဘဲ အစစ်ရဟတ်ယာဉ်တွေနဲ့ လာပစ်တာ။ နာရီဝက် လောက် ပစ်ခဲ့တယ်။ နောက်ထပ် အဖြူရောင် ရဟတ်ယာဉ် တစ်စီးကတော့ မလှမ်း မကမ်းက ပျံနေတယ်။ မပစ်ဘူး။ ရွာဘက်တွေကိုတော့ မပစ်ပါဘူး။ ရွာအပေါ်ကပျံပြီးပစ်တာပါ။ ကျွန်မတို့လည်း ကြောက်ပြီး သားသမီးတွေကို အိမ်ထဲခေါ်ပြီးနေရတယ်” ဟု  နိရဥ္စရာ အားပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်မေးမြန်းရာ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု မရှိကြောင်း၊၎င်းဝမ်းတွင်း နယ်မြေ အခြေအနေများကိုသူသိရှိကြောင်း၊ ကင်းထောက် လေယျာဉ်များ လာရောက် ကင်းထောက်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

“ မဟုတ်တာဗျာ။ ဘူးသီးတောင်မှာ ဘာရဟတ်ယာဉ်မှ မရှိဘူး။ အလကား မမှန်တဲ့ သတင်းတွေပါ။ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ရဟတ်ယာဉ်တွေပေါ်က ပစ်ချတာ ဟုတ်ပါတယ်။ ရွာတွေကို ပစ်တာတော့ မဟုတ်ဘူး။  အဲဒီနားမှာ စကခ ၁၅ တပ်ရင်းတွေရှိတယ်လေ။ အဲဒါကြောင့် နယ်မြေ ရှင်းလင်းရေးလုပ်တာထင်တယ်။  တောင်တွေပေါ်ကို ဗုံးကြဲတယ်လို့သိရတယ်” ဟု အတည်ပြုပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းအား ဆက်သွယ်မေးမြန်းရာ ရဟတ်ယာဉ်နှစ်စီးဖြင့် ဝမ်းတွင်းရွာ အရှေ့ဘက် တောင်တန်းများကို ပစ်ခတ်ခဲ့သည်ဟု ရွာသားများက သူကို အကြောင်းကြားခဲ့ကြောင်း  ပြောကြားသည်။

“ ရွာသားတွေက သတင်းပို့ပါတယ်။ ၇ဟတ်ယာဉ် နှစ်စီးက တပ်မဘက်ကလာပြီး တောင်တန်းတွေကို စက်သေနတ်တွေနဲ့ ပစ်တယ်လို့ ပြောပါတယ်။ ဒီကနေ့ ညနေ ၄ နာရီကျော်မှာလည်း အဲဒီတောင်တန်းတွေကို တပ်ရင်း ၅၆၅ မှ အရှေ့ဘက်တောင်တန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ပြောပါတယ်”ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။


#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.